The network connection is lost.

Banner Image

မက်ဂွါရီကို အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာထည့်သွင်းဖို့ ဂျွန်တယ်ရီတိုက်တွန်း

ချဲလ်ဆီးဂန္ထဝင်နောက်တန်းကစားသမား ဂျွန်တယ်ရီက ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာဒါဘီပွဲစဉ်မှာ ထူးရှယ်ခြေစွမ်းပြသခဲ့တဲ့ ယူနိုက်တက်ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီကို လာမယ့် ကမ္ဘာဖလားပြိုင်ပွဲအတွက် လူစာရင်းမှာထည့်သွင်းဖို့ အင်္ဂလန်အသင်းကို တိုက်တွန်းလာခဲ့ပါတယ်။ 

၁၉၈ ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲစဉ်မှာ မက်ဂွါရီဟာ အသင်းဖော် လီဆန်ဒရိုမာတီနက်ဇ်နဲ့အတူ မန်စီးတီးရဲ့တိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပြီး ကျောက်ဆောင်တစ်ခုကို မာကျောတဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယခုပွဲစဉ်မှာ ဘရိုင်ယမ်အမ်ဘွေမို၊ ပက်ထရစ်ဒေါ်ဂူတို့ရဲ့သွင်းဂိုးတွေနဲ့ မန်စီးတီးကို ဂိုးပြတ်ခြေပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ယာယီနည်းပြအသစ် မိုက်ကယ်ကာရစ်အတွက် အဖွင့်လှစေခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအထူးခြေစွမ်းပြခဲ့ပြီး ဂိုးသွင်းခွင့်တွေအကြိမ်ကြိမ်ဖန်တီးနိုင်ခဲ့သလို၊ ခံစစ်မှာလည်း မက်ဂွါရီနဲ့ မာတီနက်ဇ်တို့ အတွဲကို မန်စီးတီးတိုက်စစ်က မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ 

မက်ဂွါရီဟာ ပြိုင်ဘက်ရဲ့ဘောလုံးပေးပို့မှု အတော်များများကို ဟန့်တားဖြတ်တောက်နိုင်ခဲ့သလို၊ လက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့ ယူဆခံရထားရတဲ့ အာလင်းဟာလန်းကိုလည်း ဂိုးမသွင်းနိုင်စေဖို့ အပြည့်အဝ ထိန်းချုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မက်ဂွါရီအနေနဲ့ ပွဲအစမှာ အသင်းအတွက်ဦး‌ဆောင်ဂိုးရမယ့်အခွင့်အရေးရခဲ့ပေမယ့် ခေါင်းတိုက်ချက်က ဂိုးတိုင်ထိသွားခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ 

ယခုအခါမှာ‌တော့ တယ်ရီက "ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က တကယ်ကို အံ့မခန်းဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အရင်သိခဲ့တဲ့ ယူနိုက်တက်အစစ်ပါ။ တိုက်စစ်ဆင်မှုတွေ၊ လျင်မြန်တဲ့ကစားဟန်တွေနဲ့ တကယ်ကို ကောင်းလွန်းခဲ့ပါတယ်။ မိုက်ကယ်ကာရစ်လက်ထက်မှာ အခုလိုမြင်တွေ့ရတာ တကယ်ဝမ်းသာပါတယ်"

"မက်ဂွါရီရှိနေရင် ယူနိုက်တက်က ပိုတောင့်တင်းတဲ့အသင်းဖြစ်လာပါတယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ဟာလန်းပါတဲ့မန်စီးတီးကိုရင်ဆိုင်ရတဲ့ မန်ချက်စတာဒါဘီက အရမ်းခက်ပါတယ်။ မက်ဂွါရီအနေနဲ့ အခုလိုပုံစံကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲသွားမယ့် လေယာဉ်ပေါ်မှာ မဖြစ်မနေ ထိုင်ခုံတစ်ခုတော့ ရှိနေရပါတော့မယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ခက်ခဲတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး မန်စီးတီးနဲ့ပွဲကလိုခြေစွမ်းမျိုး ဆက်လက်ပြသခဲ့ရင်တော့ နိုင်ပွဲဆက်သွားဖို့ အလားအလာများပါတယ်။