ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ခဲ့မှုအပေါ် နောင်တမရမိဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးဂန္တဝင်ဂျရတ်
လီဗာပူးအသင်းကပ္ပတိန်ဟောင်း စတီဗင်ဂျရတ်က အန်ဖီးလ်မှာ ကစားခဲ့စဉ်ကာလအတွင်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်မယ့်အလားအလာကို ပယ်ချပစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ဂျရတ်က လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ဘောလုံးရာသီ ၁၇ ခုမှာ လိဂ်ပွဲစဉ် ၅၀၀ ကျော်အံ့အားသင့်ဖွယ် ပါဝင်ကစားပေးခဲ့ပါတယ်။ ဂျရတ်ထက်ပိုပြီး ကလပ်အသင်းတစ်ခုတည်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်အရေအတွက်ပိုမိုများပြားအောင် ကစားနိုင်ခဲ့သူတွေကတော့ ရွိုင်ယန်ဂစ်နဲ့ ကလပ်အသင်းဖော်ဟောင်း ကာရေဂါတို့ပဲ ရှိပါတယ်။
ဂျရတ်က ပရီးမီးယားလိဂ်ချန်ပီယံဆု မဆွတ်ခူးနိုင်ခဲ့ပေမယ့် သူ့ရဲ့ပြောင်မြောက်လှတဲ့ဦးဆောင်မှုအောက်မှာ လီဗာပူးအသင်းကို ၂၀၀၅ ချန်ပီယံလိဂ်ဆုဖလားအပြင် အက်ဖ်အေဖလား ချန်ပီယံဆုနှစ်ကြိမ်ပါ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဂျရတ်ရဲ့ကစားသမားဘဝမှာ ငယ်ဘဝကလပ်အသင်းဆီမှ ထွက်ခွာလာဖို့ အကြီးအကျယ်ချိတ်ဆက်ခဲ့ဖူးတဲ့ ကလပ်အသင်းကြီးတွေလည်း ရှိခဲ့ပါတယ်။ ဒီအသင်းတွေအနက် ပြိုင်ဘက်ကြီးချဲလ်ဆီးက အထူးထင်ရှားပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း ၂၀၀၈ ခုနှစ်မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဂျရတ်ကိုယ်တိုင်ကတော့ လန်ဒန်(သို့မဟုတ်)မက်ဒရစ်ဆီ မပြောင်းရွှေ့ခဲ့ခြင်းအပေါ် နောင်တမရမိဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
ဂျရတ်က “ ကျွန်တော့်ဆီ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ရဲ့ကမ်းလှမ်းမှုတွေ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အသည်းနှလုံးကတော့ လီဗာပူးနဲ့ပဲ အမြဲတမ်းရှိနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့် ဘယ်တော့မှ နောင်တမရခဲ့ပါဘူး။ အတိတ်ဆီပြန်သွားလို့ရရင်လည်း ဒီအတိုင်ပဲ ဆုံးဖြတ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆော်ဒီပရိုလိဂ်အယ်လ်အစ်တီဖတ်ရဲ့နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဂျရတ်က အနာဂတ်ကာလမှာ အရှေ့အလယ်ပိုင်းဒေသဆီ မက်ဆီပြောင်းရွှေ့လာရေး စည်းရုံးသွားနိုင်မယ်လို့ မျှော်လင့်နေပြန်ပါတယ်။