The network connection is lost.

Banner Image

ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် နောက်ထပ်ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားဖို့ အသင်းဖော်တွေကိုတိုက်တွန်းလိုက်တဲ့ ရော်နယ်ဒို

ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ အယ်လ်အစ်တီဟတ်ကို ၁-၂ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် အယ်လ်နာဆာအသင်းရဲ့ စူပါစတားတိုက်စစ်မှူး ခရစ္စတယ်ယာနိုရော်နယ်ဒိုက လက်ကျန်ဆုဖလားတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ အသင်းဖော်တွေကို အားပေးစကားပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း အယ်လ်အစ်တီဟတ်ရဲ့တိုက်စစ်မှူး ဘန်ဇီမာနဲ့ ပြန်လည်ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဘန်ဇီမာရဲ့ဂိုးကြောင့် စောစောစီးစီးဦးဆောင်ခံခဲ့ရပါတယ်။ ထို့နောက်မှာ အယ်လ်နာဆာအတွက်ချေပဂိုးကို ဂါဘရီရယ်က ပြန်လည်သွင်းယူပေးခဲ့ပေမယ့် အယ်လ်အစ်တီဟတ်အတွက်အနိုင်ဂိုးကိုပထမပိုင်းပြီးကာနီးမှာပဲ အူယာက ထပ်မံသွင်းယူခဲ့လို့ ရော်နယ်ဒိုတို့ ပြိုင်ပွဲကိုနုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ 

ပြိုင်ပွဲကနေ စောစောစီးစီးနုတ်ထွက်ခဲ့ရဖို့ ရော်နယ်ဒိုအနေနဲ့ စိတ်ပျက်ခဲ့ပေမယ့် ပွဲအပြီးမှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသင်းဖော်တွေကို အားပေးစကားပြောကြားပြီး နောက်ပွဲတွေအတွက် တိုက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်က "ကျွန်တော်တို့ တည့်တည့်မတ်မတ်ရပ်တည်ပြီး အမှားတွေကိုသင်ခန်းစာယူရပါမယ်။ ပြီးရင်တော့ အားလုံးအတူတူ ရှေ့ဆက်သွားကြပါမယ်" လို့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာသို့ရောက်ရှိလာပြီးနောက် ထူးချွန်ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေကို အသင်းအတွက်ပေးဆပ်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုကြီးကြီးမားမား ရရှိဖို့အတွက်တော့ ကျရှုံးနေဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့အတူ အာရပ်ကလပ်ချန်ပီယံရှစ်ဖလားကိုသာ ဆွတ်ခူးထားနိုင်ခဲ့ပြီး ဆော်ဒီပရိုလိဂ်နဲ့ အခြားပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုမရရှိသေးပါဘူး။ 

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ၅ ကြိမ်အထိဆွတ်ခူးထားခဲ့တဲ့ ရော်နယ်ဒိုလိုကစားသမားအတွက် ဆော်ဒီပရိုလိဂ်မှာ ကျရှုံးနေခြင်းက ပရိသတ်တွေအတွက်လည်း အတော်လေးစိတ်ပျက်အားလျော့စရာဖြစ်နေခဲ့ပါတယ်။ အသက်-၄၀ နှစ်အရွယ်ကစားသမားဟာ ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့အတွက် အာရုံစိုက်နေဆဲဖြစ်ပြီး မကြာသေးမီကအင်တာဗျူးတစ်ခုမှာလည်း ဘောလုံးဆက်ကစားဖို့အတွက် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ 

ဆော်ဒီဘုရင့်ဖလားပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပေမယ့် လောလောဆယ်မှာ အယ်လ်နာဆာဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဆော်ဒီပရိုလိဂ်ကိုထိပ်ဆုံးကနေဦးဆောင်ထားကာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံဟောင်း အယ်လ်အစ်တီဟတ်ကို ရမှတ် ၈ မှတ်အထိဖြတ်တောက်ထားနိုင်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ အယ်လ်နာဆာဟာ အယ်လ်ဖေဟာကို အိမ်ကွင်းမှာဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လိဂ်မှာနိုင်ပွဲဆက်နေမှုကိုဆက်လက်အရှိန်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။