The network connection is lost.

Banner Image

ဂျရတ်ရဲ့ဝေဖန်မှုအပြီး အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်ကို ကာကွယ်ပြောဆိုလိုက်တဲ့ ဝိန်းရွန်းနီ

စတီဗင်ဂျရတ်ရဲ့ အတ္တကြီးလွန်းသူအရှုံးသမားတွေဆိုတဲ့ ဝေဖန်ပြောဆိုမှုထွက်ပေါ်လာပြီးနောက် ဝိန်းရွန်းနီက အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်လို့ အခိုင်အမာပြောဆိုရင်း အင်္ဂလန်ရွှေရောင်မျိုးဆက်ကို ကာကွယ်ခဲ့ပါတယ်။ ရွန်းနီနဲ့ ဂျရတ်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အဓိကပြိုင်ပွဲကြီးခြောက်ခုမှာ အတူတကွ ပါဝင်ကစားခဲ့ပေမဲ့ သူတို့နှစ်ဦးအပြင် ဖရန့်လမ်းပတ်၊ ဂျွန်တယ်ရီ၊ ရီယိုဖာဒီနန်နဲ့ အက်ရှ်လေကိုးလ်တို့လို ဒိတ်ဒိတ်ကျဲကစားသမားတွေပါဝင်တဲ့ အသင်းလူစာရင်းတစ်ခုက ကမ္ဘာ့ဖလားပြိုင်ပွဲတွေ၊ ယူရိုပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်တောင် မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဟောင်းဖာဒီနန်နဲ့အတူ ဆွေးနွေးခန်းတစ်ခုမှာ ဂျရတ်က ကွင်းပြင်ပစည်းလုံးညီညွှတ်မှုမရှိခြင်းကြောင့် သူတို့ခေတ်အင်္ဂလန်လက်ရွေးစင်အသင်း ကျရှုံးခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ရွန်းနီကတော့ ဒီကိစ္စကို သိပ်တော့မရိုးရှင်းလှဘူးလို့ ဆိုပါတယ်။ 

Wayne Rooney Show အစီအစဉ်မှာ အင်္ဂလန်တိုက်စစ်မှူးဟောင်းက “ ကျွန်တော်တို့တွေ ဘာဆုဖလားမှမရရှိခဲ့ဘူးဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလမ်းကြောင်းကို သဘောမကျလှပေမဲ့ ဂျရတ်ပြောနေတဲ့အရာတွေကိုတော့ သိပါတယ်။ အဝတ်လဲခန်းအတွင်းမှာလည်း ကောင်းမွန်တဲ့စရိုက်လက္ခဏာတွေ အများကြီးရှိခဲ့ပါတယ်။ လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းမှာ ပိုကောင်းတဲ့စိတ်နေစိတ်ထားမျိုးရှိတယ်လို့ မပြောလိုပါဘူး။ ဒါက ကျွန်တော်တို့ခေတ်မှာ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့တဲ့ ကစားသမားတွေအပေါ် လေးစားမှုမရှိသလို ဖြစ်စေပါတယ်။ ကျွန်တော်တို့မှာရှိခဲ့ဖူးတဲ့ကစားသမားတွေနဲ့ဆိုရင် အခုထက်တောင် ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့သင့်တယ်မဟုတ်လား? ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ မဖြစ်လာခဲ့ဘူး”လို့ ပြောပါတယ်။

ဆက်လက်ပြီး ရွန်းနီက မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ကို ကိုယ်စားပြုနေရချိန်ထက် အခုအချိန်မှာ ဂျရတ်နဲ့ ကွင်းပြင်ပဆက်ဆံရေး ပိုမိုလွယ်ကူကောင်းမွန်လာတယ်ဆိုတာကို သဘောတူခဲ့ပါတယ်။ ရွန်းနီက “ ဂျရတ်နဲ့အတူ ကျွန်တော် တချိန်လုံးစကားပြောဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့နှစ်ဦးအကြား ဘီယာလေးတွဲသောက်ရင်း အနားယူချိန်တွေ ပိုရှိလာလို့ ဆက်ဆံရေး ပိုကောင်းလာနိုင်ပါတယ်။

ကျွန်တော်ကတော့ လူတိုင်းနဲ့ အဆင်ပြေခဲ့ပါတယ်။ လူတိုင်းနဲ့လည်း ရင်းနှီးပါတယ်။ နောက်ပြီး ဘက်ခမ်း၊ နဗီးလ်နဲ့ ပေါလ်စခိုးတို့လို ကစားသမားတွေက လီဗာပူးကစားသမားတွေနဲ့ တရင်းတနှီးမဖြစ်နိုင်တာကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကိုယ့်အသင်းဖော်တွေအတွက် လူတိုင်းလူတိုင်း အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာပါပဲ။ ဒါကို ပြဿနာတစ်ခုလို့တောင် မယူဆမိပါဘူး။ ကျွန်တော်တို့တွေ ပန်းတိုင်ဆီ မရောက်ခဲ့ရုံပါ။ ဂျရတ်ပြောသလိုတော့ ကျွန်တော် မမြင်မိပါဘူး”လို့ ဆိုပါတယ်။