The network connection is lost.

Banner Image

ဘယ်အချိန်မှာ အန်ဖီးလ်ကွင်းဆီ ပြန်လာဖြစ်မလဲဆိုတာ ဖွင့်ဟပြောပြလာတဲ့ ယာဂန်ကလော့ပ်

ယာဂန်ကလော့ပ်က အန်းစလော့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာ ဂြိုလ်ဆိုးတစ်ကောင်ဖြစ်သွားမှာကို စိုးရိမ်နေပေမယ့် လီဗာပူးပွဲစဉ်ကို ကြည့်ရှုအားပေးဖို့ အန်ဖီးလ်ကွင်းဆီ ဘယ်တော့ပြန်လာမလဲဆိုတာ အတိအကျထုတ်ဖော်ပြောပြခဲ့ပါတယ်။ ကလော့ပ်က အခုရာသီမကုန်ခင်၊ အန်ဖီးလ်ကွင်းဆီ ပြန်လာဖြစ်လိမ့်မယ်လို့ အတည်ပြုပေးခဲ့ပြီး တကယ်လို့ သူသာ မာဆေးဆိုဒ်ဒေသဆီ ရောက်ရှိလာမယ်ဆိုရင် ပြီးခဲ့တဲ့နွေရာသီကုန်၊ ရာထူးမှထွက်ခွာသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကလပ်အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်လာပါလိမ့်မယ်။ ဂန္တဝင်မြောက်ဂျာမန်လူမျိုးနည်းပြကြီးက လီဗာပူးအသင်းကို ကိုးနှစ်ကြာတာဝန်ယူကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားများစွာကို ဆွတ်ခူးနိုင်အောင် လမ်းပြပေးခဲ့ပါတယ်။

ကလော့ပ်က အန်းစလော့ရဲ့အသင်းအတွက် “ဂြိုလ်ဆိုးတစ်ကောင်” အဖြစ် ရှုမြင်ခံရမယ့်အလားအလာကို ကြောက်ရွံ့မိတယ်လို့ ဝန်ခံခဲ့ပြီး ဒီအတွက်ကြောင့် အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးအသင်း အောင်ပွဲခံဖို့ သေချာသွားမယ့် အချိန်မှသာ အန်ဖီးလ်ကွင်းဆီ အရောက်ပြန်လာဖို့ ဆုံးဖြတ်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။ အမှန်ပါပဲ၊ ကလော့ပ်က အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဆုဖလားရယူပေးချိန်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလဖြစ်နေလို့ ကွင်းပိတ်ပြီးသာ အောင်ပွဲခံခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ ပရဟိတပွဲတစ်ခုအတွင်း စကားပြောဖြစ်ခဲ့တဲ့ ကလော့ပ်က ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် လီဗာပူးအသင်းရဲ့အခုဘောလုံးရာသီနောက်ဆုံးလိဂ်ပွဲစဉ်ဆီ တက်ရောက်အားပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ သူက “ အမှန်ပါပဲ၊ လီဗာပူးဆီ ပြန်လာဖို့ အစီအစဉ်ရှိပါတယ်။ အောင်ပွဲခံဘတ်စ်ကားအပေါ်တော့ ကျွန်တော် မတက်ပါဘူး။ ကျွန်တော်က ပရိသတ်တွေနဲ့အတူ ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ အောင်ပွဲခံဘတ်စ်ကားပေါ်မှာ ရှိနေခဲ့ချိန်တုန်းက ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေပေါ့။ အရိုးသားဆုံးပြောရရင် ကျွန်တော့်စိတ်ကူးက ဒီလောက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ရာသီကုန်ပွဲစဉ်ကိုတော့ သွားကြည့်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ တသက်လုံး ဂြိုလ်ဆိုးတစ်ကောင်အဖြစ်ရှုမြင်ခံရမှာ စိုးရိမ်မိတာကြောင့် အရိုးသားဆုံးပြောရရင် စောစောစီးစီးတော့ ကျွန်တော် မသွားချင်သေးပါဘူး။

ကျွန်တော် ပထမဆုံးအကြိမ် ကွင်းတွင်းပြန်ရောက်လာချိန် သူတို့သာ ရှုံးနိမ့်မယ်ဆိုရင် အတော်လေးစိတ်ပျက်မိပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် လီဗာပူးအသင်းဆီ ပြန်သွားမယ့်အချိန်ကို ဆုံးဖြတ်ထားခဲ့တာပါ”လို့ ပြောပါတယ်။ လီဗာပူးအသင်းက အခုညပိုင်းမှာ ဆောက်သမ်တန်ကို ဧည့်ခံကစားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်၊ သူတို့ရဲ့ဦးဆောင်မှုကို ၁၆ မှတ်အထိ တိုးမြှင့်နိုင်မယ့် အခွင့်အလမ်းတစ်ရပ် ပိုင်ဆိုင်ထားပါတယ်။