အသက် ၄၀ နှစ်အရွယ်အထိ မိုဆာလက် ဘောလုံးဆက်ကစားနိုင်မယ်လို့ ယုံကြည်နေတဲ့ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်
လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က မိုဆာလက်ကို အသက် ၄၀ နှစ်အရွယ်အထိ ဘောလုံးကစားနိုင်သူ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပြီး အခုလို လီဗာပူးမှ အီဂျစ်ကြယ်ပွင့်ထွက်ခွာမှုကြောင့် အစားထိုးလို့မရနိုင်တဲ့ ကစားသမားတစ်ဦးအတွက် အခွင့်အလမ်းတွေ ပွင့်လင်းသွားစေမယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အန်ဖီးလ်ကလပ်အသင်းသမိုင်းတလျှောက် အကောင်းဆုံးကစားသမားအနက် တစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် မိုဆာလက်က အခုဘောလုံးရာသီကုန်ဆုံးချိန် ကလပ်အသင်းကို စွန့်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ကလော့ပ်ကိုယ်တိုင် ၂၀၁၇ ခုနှစ်မှ ရိုးမားမှခေါ်ယူခဲ့တဲ့ မိုဆာလက်က အခုအချိန်အထိ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ကလပ်ချန်ပီယံဖလား၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား နှစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်းတို့ရရှိအောင် ကူညီပေးထားပါတယ်။
လီဗာပူးလ်ဂန္ထဝင်တွေရဲ့ စနေနေ့ပရဟိတပွဲစဉ်မတိုင်ခင် ဂျာမန်နည်းပြကြီးက "မိုဆာလက်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးအတွက် စံနှုန်းအသစ်တွေကို ချမှတ်ပေးခဲ့သူ ဖြစ်ပါတယ်။ ဘယ်လောက်အထိ ကြိုးစားအားထုတ်ရမလဲ၊ ဒဏ်ရာမှ ပြန်ကောင်းလာဖို့အတွက် ဘယ်လောက်အထိ အာရုံစိုက်ရင်းနှီးမြှုပ်နှံရမလဲဆိုတာတွေကို သူက ပြသခဲ့ပါတယ်" လို့ BBC ကို ပြောပြခဲ့ပါတယ်။
"အခု သူက ဒီကလပ်အသင်းမှ ထွက်ခွာသွားပါတော့မယ်။ ဒါပေမဲ့ နောက်ထပ် ခြောက်နှစ် ဒါမှမဟုတ် ခုနစ်နှစ်လောက်အထိ မိုဆာလက် ဘောလုံးဆက်ကစားနေဦးမယ်ဆိုရင်တောင် ကျွန်တော် မအံ့ဩမိပါဘူး။"
"ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ သူက ဘယ်လိုမှ သံသယဖြစ်စရာမလိုတဲ့ ခေတ်အဆက်ဆက် အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးသမားဘဝမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့တာကို ကျွန်တော် တကယ်ဂုဏ်ယူပါတယ်" လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ လီဗာပူးလ်ကိုစွန့်ခွာသွားခဲ့တဲ့ ကလော့ပ်က မိုဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ တစ်ဦးနဲ့တစ်ဦး အံကိုက်ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။
"ကျွန်တော်နဲ့ မိုဆာလက်မှာ ကြီးမားတဲ့အိပ်မက်တွေ ရှိခဲ့ကြပေမဲ့ ဒီလောက်အထိ အောင်မြင်မှုတွေ ရလာမယ်လို့တော့ မမျှော်လင့်ရဲခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ပတ်သက်မှုက နှစ်ဦးနှစ်ဖက်လုံးအတွက် မျှတတဲ့ ရလဒ်တွေရခဲ့တယ်လို့ ထင်ပါတယ်။ ထူးချွန်တဲ့ကစားသမား၊ ထူးချွန်တဲ့မှတ်တမ်းတွေနဲ့အတူ သူလည်း ထိုက်တန်တဲ့ငွေကြေးတွေ ရရှိခဲ့တာပေါ့ဗျာ" လို့ ကလော့ပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
"အခုတော့ သူ သွားချင်တဲ့နေရာကို သွားနိုင်ပါပြီ။ ကလပ်အသင်းဘက်မှာလည်း တခြားကစားသမားသစ်တွေကို ရှာဖွေရဖို့ရှိသလို ရှာလည်း ရှာတွေ့ပါလိမ့်မယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်တစ်ခုပါပဲ" လို့ နိဂုံးချုပ်ခဲ့ပါတယ်။