ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တာဟာ ထိုက်တန်မှုရှိတယ်လို့ ဆောက်သမ်တန်နည်းပြ အက်ကတ် အခိုင်အမာဆို
တနင်္ဂနွေနေ့က ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် ဆောက်သမ်တန်နည်းပြ တွန်ဒါအက်ကတ်က သူ့ရဲ့ကစားသမားတွေအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ပဉ္စမအဆင့် ပွဲစဉ်မှာ ပွဲကစားချိန် နောက်ကျမှ ရရှိခဲ့တဲ့ ပင်နယ်တီကို ရော့စ်စတူးဝပ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဆောက်သမ်တန်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အက်ကတ်က "ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနားယူချိန်မှာ ကိုယ့်ဘက်က အသာစီးနဲ့ ဦးဆောင်သင့်တယ်လို့ ခံစားခဲ့ရပေမဲ့ တကယ်တမ်းမှာ ဂိုးမရခဲ့တဲ့အခါမျိုးက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဖူလ်ဟမ်က အရည်အချင်းရှိတဲ့ အသင်းတစ်သင်းဖြစ်လို့ ပွဲအခြေအနေကို လက်ခံပြီး ကစားခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ဒီနိုင်ပွဲက ကျွန်တော်တို့နဲ့ တကယ်ကို ထိုက်ထိုက်တန်တန် ရှိခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် "ဒီကွင်းက ကစားရတာ တကယ်ကို ကောင်းပါတယ်။ တခြား ချန်ပီယံရှစ်ကွင်း အများစုထက်စာရင် အရည်အသွေး ပိုကောင်းသလို ဘောလုံးပိုင်ဆိုင်မှု အသာစီးရဖို့ လိုအပ်ခဲ့တဲ့ အခိုက်အတန့်တွေကိုလည်း ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်" လို့လည်း သူက ဆိုပါတယ်။
ပထမပိုင်းမှာ ဂိုးအဖြစ် အသိအမှတ်မပြုခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း "အဲဒီအချိန်က အခြေအနေကို ကျွန်တော် သေချာမမြင်လိုက်ပါဘူး။ ဒါပေမဲ့ မိနစ် ၉၀ စလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ကျွန်တော်တို့နဲ့ ထိုက်တန်ခဲ့တာပါပဲ" လို့ ပြောပါတယ်။ ပင်နယ်တီ ကန်သွင်းသူနဲ့ ပတ်သက်လို့ "ပင်နယ်တီကန်ဖို့ သတ်မှတ်ထားတဲ့ ပထမဆုံးလူ နှစ်ယောက်က ကွင်းထဲမှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ကြားရက်ကမှ ပင်နယ်တီကန်တာကို လေ့ကျင့်ထားခဲ့သလို ရော့စ်ကလည်း နေရာစုံကနေ ပင်နယ်တီတွေကို ကန်သွင်းနိုင်သူပါ" လို့ အက်ကတ်က ရှင်းပြခဲ့ပါတယ်။
"အရာအားလုံးသာ အဆင်ပြေသွားမယ်ဆိုရင် ဒီနှစ်ထဲမှာ ဝမ်ဘလေကွင်းမှာ သုံးပွဲလောက် ကစားနိုင်ပါလိမ့်မယ်။ အခုနိုင်ပွဲကို ရှေ့ဆက်ရမယ့် ပွဲစဉ်တွေအတွက် ခွန်အားတစ်ခုအဖြစ် အသုံးချသွားဖို့ပဲ လိုပါတယ်" လို့ ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။