
ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ အာမိုရင်ထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ မော်ရင်ဟို
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက တစ်နိုင်ငံတည်းသားဖြစ်သူ အာမိုရင်တစ်ယောက် ယူနိုက်တက်မှာရုန်းကန်နေရတာနဲ့ပတ်သက်ပြီး အားပေးစကားဆိုလိုက်ပါတယ်။ အာမိုရင်ဟာ တန်ဟက်နေရာမှာ အစားဝင်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အက်ဖ်အေဖလားမှာ ဖူလ်ဟမ်ကို ပင်နယ်တီနဲ့အရေးနိမ့်ပြီးထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေဆိုးဝါးနေဆဲဖြစ်ပါတယ်။
မော်ရင်ဟိုက ငယ်ရွယ်တဲ့အာမိုရင်အနေနဲ့ လက်ရှိရုန်းကန်နေရတဲ့အခြေအနေတွေကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။ “သူ(အာမိုရင်)က လူကောင်းလေးပါ။ ကျွန်တော့်အပေါ်လည်း အများကြီးလေးစားမှုရှိပါတယ်။ ကျွန်တော်တို့ကြားမှာ နှစ်အနည်းငယ်ကတည်းက ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်အောင်ဆုတောင်းပေးမယ်ဆိုတာ သူသိပါတယ်။ အရိုးသားဆုံးပြောရရင် ယူနိုက်တက်အခြေအနေ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် အများကြီးမသိပါဘူး။
ကျွန်တော် ဆာဂျင်မီကို သိပါတယ်။ ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေလို့ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိပါတယ်။ ကျွန်တော် သူ့ကိုကောင်းကောင်းသိပါတယ်။ သူ့အိမ်ကို အကြိမ်ရေတော်တော်များများ ကျွန်တော့်ကိုဖိတ်ဖူးပါတယ်။ သူ့ကိုလူကောင်းတစ်ဦးအနေနဲ့ကောစီးပွားရေးသမားကောင်းတစ်ဦးအနေနဲ့ကော မြင်ပါတယ်။ မှန်ပါတယ်။ လူအချို့အတွက် ကျွန်တော် ခံစားမိသလို သူတို့အလုပ်ဆုံးရှုံးတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲ့တာက မှန်ကန်တဲ့လမ်းကြောင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
အာမိုရင်ကတော့ သူ့အနေနဲ့ ယူနိုက်တက်ရဲ့လက်ရှိအခြေအနေတွေကို ပြောင်းလဲပေးရမယ့်တစ်ဦးတည်းသောသူဖြစ်ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကြောင့် အကျိုးဆက်တွေက အခုလိုမျိုးဖြစ်နေတယ်ဆိုတာကို သိပြီးသားဖြစ်ပါတယ်။ ယူနိုက်တက်အတွက် တစ်ခုတည်းသောမျှော်လင့်ချက်က ဒီရာသီယူရိုပါလိဂ်သာကျန်တော့တာဖြစ်ပြီး လာမယ့်ရာသီဥရောပဝင်ခွင့်ရဖို့အတွက် မဖြစ်မနေဆုဖလားရဖို့ လိုအပ်နေပါတယ်။
ဆိုစီဒက်နဲ့ယူရိုပါလိဂ်ပွဲမတိုင်ခင် အာမိုရင်က “မှန်ပါတယ်။ ကျွန်တော်အသင်းအတွက် ရေရှည်ပရောဂျက်ကို စဉ်းစားထားပါတယ်။ အခုလက်ရှိအခိုက်အတန့်တွေတင်မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ ယူရိုပါလိဂ်ရခဲ့မယ်ဆိုရင် လာမယ့်နှစ်တွေမှာ ကျွန်တော်တို့အံ့ဖွယ်နေရာတွေမှာ ရှိဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြဿနာတွေဒီမှာရှိနေဆဲပါ။ချန်ပီယံလိဂ်မှာတောင် ရှိနိုင်ပါတယ်။ ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကို ပြသဖို့ ကြိုးစားနေပါတယ်။
ကျွန်တော် အခြားအရာတွေကို ဂရုမစိုက်သလို ဒီအသင်းအတွက် ကြီးမားတဲ့ပစ်မှတ်တစ်ခုထားထားပါတယ်။ အဲ့တာပါပဲ။ ကျွန်တော် ပရိသတ်တွေကို ကြီးမားတဲ့ပုံရိပ်တစ်ခုပြသဖို့ ကြိုးစားနေပါတယ်။ အသင်းရလဒ်ပိုင်းပြောင်းလဲဖို့လည်း ကြိုးစားနေပါတယ်။ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ရလဒ်တွေက တစ်ခါတလေထင်ထားသလိုဖြစ်မလာတတ်ပါဘူး။
ခင်ဗျား ပွဲတွေကိုအနိုင်ရဖို့ လိုအပ်ပါတယ်။ တကယ်လို့ အနိုင်မရခဲ့ဘူးဆိုရင် အဲ့အကျိုးဆက်ကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် တကယ့်ကိုယုံကြည်မှုရှိပါတယ်။ ပထမနေ့ကတည်းက ကျွန်တော် ယုံကြည်ရှိပါတယ်။ အနည်းငယ်စိတ်ပျက်စရာတွေရှိနေပေမယ့် ယုံကြည်မှုရှိနေဆဲပါ”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။