ရီးရဲလ်မက်ဒရစ်ဆီ မော်ရင်ဟိုပြန်လာဖို့ ရှိ၊မရှိ သုံးသပ်ပြောဆိုလိုက်တဲ့ လူးဝစ်ဖီဂို
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်လူးဝစ်ဖီဂိုက ပေါ်တူဂီလက်ရွေးစင်အသင်းကို ဟိုဆေးမော်ရင်ဟို တာဝန်ယူကိုင်တွယ်တာမျိုး မြင်တွေ့ရနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပေါ်တူဂီအသင်းနည်းပြရော်ဘတ်တိုမာတီနက်ဇ်ရဲ့နေရာဆက်ခံမယ့်သူမှာ လက်ရှိဘင်ဖီကာအသင်းနည်းပြမော်ရင်ဟိုဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြန်ပါတယ်။
စပို့တင်းလစ္စဘွန်းမှာ ဆာဘော်ဘီရော့ဘ်ဆင်ရဲ့စကားပြန်အဖြစ် မော်ရင်ဟိုတာဝန်ယူခဲ့ချိန်၊ ဘာစီလိုနာမှာ ဆာဘော်ဘီရော့ဘ်ဆင်နဲ့ လူးဝစ်ဗန်ဂါးလ်တို့ရဲ့လက်ထောက်နည်းပြအဖြစ် မော်ရင်ဟိုလုပ်ကိုင်ခဲ့ချိန်နဲ့ ဖီဂိုရဲ့ကစားသမားဘဝနောက်ဆုံးနှစ်တွေမှာ အင်တာမီလန်နည်းပြအဖြစ် မော်ရင်ဟိုတာဝန်ယူခဲ့ချိန်တွေမှာ ပေါ်တူဂီဂန္တဝင်နဲ့ ချဲလ်ဆီးနည်းပြဟောင်းတို့ အတူလက်တွဲအလုပ်လုပ်ခဲ့ဖူးပါတယ်။
“မော်ရင်ဟိုနဲ့အတူ အချိန်အတော်ကြာဖြတ်သန်းခဲ့ဖူးပါတယ်။ တစ်နေ့မှာ သူကိုယ်တိုင် ပေါ်တူဂီလက်ရွေးစင်အသင်းကို ဦးဆောင်ဖို့ ကံပါလာမယ်ဆိုတာက သဘာဝကျပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပါပဲ” လို့ ဖီဂိုက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်ဆီ မော်ရင်ဟိုပြန်လာနိုင်မလားဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖီဂိုက သတိထားပြီး အခုလို မှတ်ချက်ပေးခဲ့ပါတယ်။ “ဒါကတော့ ကံကြမ္မာကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။ တကယ်လို့ သူတို့ရဲ့ လမ်းကြောင်းတွေ ပြန်ဆုံလာခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” လို့ ဆိုပါတယ်။ ဖီဂိုက ဒီဖြစ်နိုင်ခြေကို လုံးဝပယ်ချခြင်းမရှိပေမဲ့ အသေးစိတ်ကိုတော့ ထပ်မံပြောကြားခဲ့ခြင်း မရှိပါဘူး။