
ရီးရဲလ်အသင်းမှာ ပွဲထွက်ခွင့်ပြတ်လပ်နေတဲ့အပေါ် ဖွင့်ဟပြောကြားလာတဲ့ အန်းဒရစ်ခ်
ရီးရဲလ်အသင်းစတား အန်းဒရစ်ခ်က အသင်းမှာပွဲထွက်ခွင့်ပြတ်လပ်နေတဲ့အပေါ် ဖွင့်ဟပြောကြားလာပါတယ်။အန်းဒရစ်ခ်ဟာ တောင်အမေရိကရဲ့အလားအလာအရှိဆုံးကစားသမားအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲဦးထွက်ရာသီမှာတင် ပွဲထွက်ခွင့် ပြတ်လပ်နေပြီး အသင်းမှာ ဘာပေ ၊ ဗင်နီဆီးယက်စ် ၊ ရိုဒရီဂိုတို့ရှိနေတာကြောင့် နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
အသက် ၁၈ နှစ်သားဟာ ပွဲထွက်ခွင့်ပြတ်လပ်နေပေမယ့် ရရှိလာတဲ့အချိန်တိုအတွင်းမှာ ခြေစွမ်းကောင်းပြသထားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၀၁ မိနစ်သာ ပါဝင်ခွင့်ရရှိထားခဲ့ပေမယ့် အန်းဒရစ်ခ်တစ်ယောက် မိနစ် ၈၀ တိုင်းမှာ ၁ ဂိုးသွင်းယူထားကာ လက်ရှိ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ဆယ်လ်တာနဲ့ ကိုပါဒယ်ရေး ၁၆ သင်းအဆင့်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
“ဒီမှာ နာမည်ကျော်တွေနဲ့အတူ ကစားရတာက တကယ်ကောင်းပါတယ်။ ကိုယ့်ဘေးမှာ နာမည်ကျော်တွေနဲ့ဝိုင်းနေပြီး ကူညီပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော် တိုးတက်ဖို့ လေ့ကျင့်ခန်းတိုင်းမှာ သေချာလေးလုပ်ဆောင်ပါတယ်။ ပွဲတွေမှာတင်မဟုတ်ပဲ လေ့ကျင့်ခန်းအစီအစဉ်မှာပါ ကျွန်တော် အကောင်းဆုံးလုပ်ဆောင်ပါတယ်။ ရီးရဲလ်အသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာပါ။ ဒါပေမယ့် အဲ့တာက စိန်ခေါ်မှုတစ်ခုပါ”လို့ အန်းဒရစ်ခ်က ပြောကြားခဲ့ပါတယ်။ အန်းဒရစ်ခ်ဟာ လာမယ့် ဂီရိုနာနဲ့ပွဲမှာ ပွဲထွက်ခွင့်မိနစ်အနည်းငယ် ပါဝင်ခွင့်ရလာဖွယ်ရှိနေပါတယ်။