မန်စီးတီးနဲ့ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကို အမ်ဘာပေပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ ရီးရဲလ်မက်ဒရစ်
စပိန်သတင်းဌာန AS ရဲ့ဖော်ပြချက်အရ လာမယ့်ဗုဒ္ဓဟူးနေ့၊ မန်ချက်စတာစီးတီးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာ အမ်ဘာပေပါဝင်ကစားနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်း ယုံကြည်မှုရှိနေပြီလို့ သိရပါတယ်။
အမ်ဘာပေဟာ ဒဏ်ရာကြောင့် နောက်ဆုံးနှစ်ပွဲဆက်လွဲချော်ခဲ့ပေမဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကြားမှာ သတင်းတွေ ကွဲလွဲနေပါတယ်။
ရီးရဲလ်မက်ဒရစ်က အမ်ဘာပေရဲ့ဘယ်ဘက်ဒူးမှာ အရွတ်ဒဏ်ရာရရှိခဲ့တယ်လို့ အခုသီတင်းပတ်၊ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ အမ်ဘာပေရဲ့ကိုယ်စားလှယ်အဖွဲ့ဘက်ကတော့ ဘယ်ဘက်ဒူးရဲ့နောက်ဘက်အရွတ် (PCL) က တော်တော်လေးစိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ပိုပြီးစိတ်ပူစရာကောင်းတဲ့အဖြေကို ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေကို ဒဏ်ရာနဲ့အတူ အတင်းအကျပ်ပြန်ကစားခိုင်းဖို့ ကြိုးစားနေတယ်လို့ ကစားသမားနဲ့နီးစပ်သူတွေက ယူဆနေကြပြီး ဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားခွင့်အပေါ် ထိခိုက်လာနိုင်တယ်လို့လည်း စိုးရိမ်နေကြပါတယ်။
ရီးရဲလ်မက်ဒရစ်က နှစ်ရာသီဆက်ဖလားလက်မဲ့ဖြစ်မယ့်အခြေအနေကို ရှောင်လွှဲနိုင်ဖို့ ဘာပေရဲ့ကြံ့ခိုင်မှု အမြန်ဆုံးပြန်လည်ပြည့်၀လာရေး လိုအပ်နေပါတယ်။။
နည်းပြအာဘီလိုအာရဲ့အသင်းက ကိုပါဒယ်ရေးပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို လာလီဂါမှာလည်း အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနဲ့ ၄ မှတ်အကွာမှာ ရှိနေပါတယ်။ ဒါ့အပြင် အသင်းရဲ့လတ်တလောအခက်အခဲတွေကြောင့် ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲဖို့ဆိုတာ မလွယ်ကူတဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ရာသီပိတ်ပွဲစဉ်တွေမတိုင်ခင် အခြားကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
သူတို့အသင်းအတွက် ရိုဒရီဂိုက ရာသီကုန်အထိ အနားယူရဖို့ရှိသလို မီလီတာအိုနဲ့ ဘယ်လင်ဟမ်တို့လည်း ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပါတယ်။
ဟူဂျ်ဆန်၊ အလာဘာ၊ စီဘယ်လော့စ်၊ ကာရီရက်စ်နဲ့ ကာမာဗင်ဂါတို့လည်း လာမယ့် သောကြာနေ့၊ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်ကို ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
မာစတန်တူအိုနိုလည်း ပွဲပယ်ပြစ်ဒဏ်ကျခံနေရလို့ အရေးကြီးအဝေးကွင်းပွဲစဉ်အတွက် နည်းပြအာဘီလိုအာမှာ ရွေးချယ်စရာကစားသမား အနည်းငယ်သာ ကျန်ရှိပါတော့တယ်။