ကစားသမားသက်တမ်းတလျှောက် အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်နေပြီလို့ မန်စီးတီးဆီ သတိပေးလိုက်တဲ့ ဗင်နီစီးယက်စ်
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီးစီးယက်စ်က အခုသီတင်းပတ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်မန်စီးတီးကို သတိပေးစကား ပြောဆိုလိုက်ပါတယ်။
ဆယ်လ်တာဗီဂိုကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုးပြသခဲ့ပြီးနောက် ဗင်နီစီးယက်စ်က မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါတယ်။
သူက " အခုလက်ရှိမှာ ကျွန်တော်က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးခြေစွမ်း ပိုင်ဆိုင်နေတယ်လို့ ခံစားရပါတယ်" လို့ ပြောပါတယ်။
"ဒီခြေစွမ်းကို ဆက်ထိန်းထားနိုင်ဖို့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့အတူ နေ့တိုင်း ကြိုးကြိုးစားစားလေ့ကျင့်နေပါတယ်။ ဂိုးသွင်းဖို့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသလို တိုက်စစ်ရော၊ ခံစစ်မှာပါ အသင်းကို အစွမ်းကုန်ကူညီပေးနိုင်ဖို့ ကြံ့ခိုင်မှုရှိနေပြီလို့ ခံစားရပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဗင်နီစီးယက်စ်က "ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ပွဲတွေအများကြီး ဆက်တိုက်ကစားထားရလို့ ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှာတော့ နည်းနည်းပင်ပန်းခဲ့ပါတယ်။ ဒါပေမဲ့ အမြဲတမ်းအဆင်သင့်ဖြစ်နေအောင်တော့ ပြင်ဆင်ထားရပါလိမ့်မယ်" လို့ ပြောပါတယ်။
"စီးတီးနဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံရှိနေဖို့ လိုပါတယ်။ အားလုံးရဲ့ အားပေးမှုလည်း လိုအပ်သလို ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ကျွန်တော်တို့ တကယ်ကို လိုချင်ပါတယ်" လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။