
သူ့ရဲ့ဂိုးက လက်ဝှေ့ကျော် ရစ်ကီဟတ်တန်အတွက် ရည်စူးတယ်လို့ ဆိုလာတဲ့ဖိုဒန်
တနင်္ဂနွေနေ့ညက မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်က သူ့ရဲ့ဂိုးဟာ မကြာသေးမီကကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော် မန်စီးတီးပရိသတ် လက်ဝှေ့ဂန္ထဝင် ရစ်ကီဟတ်တန်အတွက်ရည်စူးကြောင်း ပြောကြားလာခဲ့ပါတယ်။
ရစ်ကီဟတ်တန်ဟာ မန်ချက်စတာဒါဘီပွဲစဉ်မစတင်မီ နာရီပိုင်းအလိုမှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက်-၄၆ နှစ်သာရှိသေးတယ်လို့သိရပါတယ်။ ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို တောင်ပံကစားသမား ဂျရယ်မီဒိုကူရဲ့ ဖြတ်တင်ဘောမှတစ်ဆင့် ဖိုဒန်က လှလှပပ ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ တိုက်စစ်မှူး အာလင်းဟာလန်းက ၂ ဂိုးထပ်သွင်းခဲ့တာကြောင့် အီတီဟတ်မှာ ယူနိုက်တက်တို့ ၃-၀ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဖိုဒန်ဟာ ထိပ်တန်းခြေစွမ်းကိုပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပွဲထွက်ခွင့်ရဖို့တောင်ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း အင်္ဂလန်သားအနေနဲ့ ခြေစွမ်းပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ကြောင်း ပွဲမစခင်မှာ နည်းပြပက်ဂွါဒီယိုလာကပြောကြားခဲ့ပြီး ပြောတဲ့အတိုင်း ဖိုဒန်တစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဖိုဒန်က "ကျွန်တော်တို့အနေနဲ့ ပွဲမစခင်မှာ ဒီပွဲကိုနိုင်ရမယ်ဆိုတဲ့ လှုံ့ဆော်မှုတွေရှိခဲ့ပါတယ်။ ဒီဂိုးက ကွယ်လွန်သွားတဲ့ ရစ်ကီဟတ်တန်ကို ရည်စူးပါတယ်။ သူ့အတွက်၊ သူ့မိသားစုအတွက် ပြီးတော့ အခုချိန်မှာ ဝမ်းနည်းနေကြတဲ့လူတွေအားလုံးအတွက်ပါပဲ။ ကျွန်တော်တို့ကစားသမားတွေအားလုံး နိုင်ပွဲရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပေးဆပ်မှုကအများကြီးမဟုတ်ပေမယ့် အားလုံး သူ့အတွက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ယခု ၂၀၂၅-၂၆ ရာသီအစပိုင်းမှာ ရုန်းကန်နေရတဲ့မန်စီးတီးအတွက် ယခုနိုင်ပွဲဟာ ဖိအားတွေလျော့ကျစေခဲ့ပြီး စိတ်ဓာတ်ပိုင်းမှာလည်း တိုးတက်လာစေမှာသေချာပါတယ်။ မန်စီးတီးပရိသတ်တွေအနေနဲ့တော့ ဟတ်တန်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းနေကြဦးမှာဖြစ်ပြီး လက်ဝှေ့ကျော်ရဲ့နာမည်နဲ့ ဂုဏ်ပြုမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိပါတယ်။