ဘာစီလိုနာသို့ ပြောင်းရွှေ့မည်ဟူသော ဗစ်တာဖောင့်တ်၏ ပြောဆိုချက်အပေါ် ဟာလန်းအေးဂျင့် တုံ့ပြန်
မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ အေးဂျင့်ဖြစ်သူက ဘာစီလိုနာအသင်းနဲ့ ဘာအဆက်အသွယ်မှ မရှိခဲ့ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဒီအပတ်အစောပိုင်းမှာတော့ ဘာစီလိုနာအသင်းဥက္ကဋ္ဌလောင်း ဗစ်တာဖောင့်တ်က သူသာ ဒီလထဲမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဟာလန်းကို အရခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောခဲ့တာပါ။
ဖောင့်တ်ရဲ့ ပြောကြားချက်အရ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီမှုတစ်ခုအတွက် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖေးလာပီမန်တာကတော့ အခုအခါမှာ အခြေအနေအရပ်ရပ်ကို ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ La Sexta နဲ့ အင်တာဗျူးမှာတော့ အေးဂျင့်ဖြစ်သူက နှစ်ဖက်အကြား ဘာအဆက်အသွယ်မှ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
"ကျွန်မတို့အနေနဲ့ ဘာစီလိုနာအသင်းကို အထူးလေးစားပါတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့ကိစ္စအတွက် နှစ်ဖက်အကြား ဘာအဆက်အသွယ်မှ မရှိခဲ့ပါဘူး" လို့ ပီမန်တာက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဟာလန်းဟာ စီးတီးမှာ စိတ်ကျေနပ်မှုရှိနေတယ်ဆိုတာကိုလည်း သူမက အလေးပေး ပြောကြားခဲ့ပါတယ်။
"သူဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စာချုပ်သက်တမ်း တိုးထားတာဖြစ်ပြီး မန်စီးတီးမှာလည်း အရမ်းကို ပျော်ရွှင်နေပါတယ်။ အရာအားလုံးက သူ့အတွက် အဆင်ပြေပြေ ဖြစ်နေတဲ့အတွက် အပြောင်းအရွှေ့နဲ့ ပတ်သက်လာရင် တကယ်ကို ဆွေးနွေးစရာ ဘာမှမရှိပါဘူး" လို့ သူမက ဆိုပါတယ်။