The network connection is lost.

Banner Image

မန်စီးတီးကြယ်ပွင့်ကစားသမားနှစ်ဦး မကြာခင်ပြန်ကစားနိုင်တော့မယ်လို့ ဂွါဒီယိုလာ အတည်ပြု

ဂျရမီဒိုကူနဲ့ ဆာဗင်ဟိုတို့ နှစ်ယောက်စလုံး မန်စီးတီးအသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ ပက်ဂွါဒီယိုလာက အတည်ပြုပြောကြားလာခဲ့ပါတယ်။

ဒိုကူဟာ ဇန်နဝါရီလကုန်ပိုင်းက ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါလာတာစာရေးအသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆဲလ်ဖို့ဒ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာတော့ ဂွါဒီယိုလာက အဆိုပါတောင်ပံကစားသမားရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး အခုလို နောက်ဆုံးရသတင်းကို ပြောပြခဲ့ပါတယ်။

"သူ ပြန်လာဖို့ နီးစပ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်း မဆင်းရသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။ အခြေအနေကတော့ နည်းနည်းလေး ပိုကောင်းလာပါပြီ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ ဒီနေ့လို ပွဲမျိုးမှာတော့ တောင်ပံကစားသမားတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အန်တွိုင်း ဆီမင်ညို တစ်ယောက်ပဲ ရှိပြီး သူကလည်း ပွဲတွေ အများကြီး ကစားထားရပါတယ်။ တကယ်လို့ ဒိုကူ၊ ဆီမင်ညို ဒါမှမဟုတ် ဆာဗင်ညိုတို့လို ကစားသမားတွေနဲ့ မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်နိုင်မယ်ဆိုရင် ပြိုင်ဘက်နောက်ခံလူတွေဟာ မိနစ် ၉၀ လုံး ဂိုးဧရိယာထဲမှာပဲ ပိတ်ဆို့ကာကွယ်နေရမှာပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ တိုက်စစ်ဆင်မှုတွေက နှေးကွေးနေပြီး ပြိုင်ဘက်ရဲ့ ခံစစ်ကိုလည်း မဖောက်နိုင်ခဲ့တဲ့အတွက် အရာအားလုံးက ခက်ခဲသွားရတာပါ" လို့ ၎င်းက ဆိုပါတယ်။

ဆာဗင်ဟိုကတော့ နှစ်သစ်ကူးနေ့က ဆန်းဒါးလန်းအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်ကတည်းက ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာသက်သာလာမှုနဲ့ပတ်သက်ပြီးလည်း ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"သူက ၆ ပတ်ကနေ ၈ ပတ်လောက်အထိ အနားယူရမှာပါ။ ဒါဟာ နှစ်လလောက် ရှိတဲ့အတွက် အချိန်တော်တော်ကြာတယ်လို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ သူ မိနစ်အနည်းငယ်လောက် ဝင်ကစားပေးလို့ ရနိုင်ပေမဲ့ ဘာစွန့်စားမှုမှတော့ မလုပ်ချင်ပါဘူး။ ကျွန်တော်တို့ တဖြည်းဖြည်းချင်းပဲ သွားနေပါတယ်။ ဥပမာပြောရရင် လွန်ခဲ့တဲ့ နှစ်ရက်က သူ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပါတယ်။ လေ့ကျင့်ခန်းမှာ သူ ကစားခဲ့တာ တကယ်ကို ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။