The network connection is lost.

Banner Image

ဥရုဂွေးနဲ့ ကိုလံဘီယာတို့ပွဲစဉ်မှ ခိုက်ရန်ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေ

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ကိုလံဘီယာတို့ရဲ့ ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ကိုလံဘီယာက ဥရုဂွေးကို ၁-၀ နဲ့အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်လှမ်းသွားပေမယ့် ပွဲက အေးအေးချမ်းချမ်းနဲ့မပြီးဆုံးခဲ့ဘဲ ပွဲအပြီးမှာတော့ ကိုလံဘီယာပရိသတ်တွေနဲ့ ဥရုဂွေးကစားသမားအချို့ အပြန်အလှန်ထိုးကြိတ်နေကြတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးကစားသမားတွေဖြစ်တဲ့ ဒါဝင်နူနက်ဇ်နဲ့ ရွန်နယ်အရူဂျိုတို့ဟာ အဆိုပါရန်ပွဲမှာ  ထိပ်ဆုံးကနေပါဝင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး အသင်းခေါင်းဆောင် မာရီယာဂျင်မီနက်ဇ်ကတော့ ကစားသမားတွေဟာ သူတို့ရဲ့မိသားစုဝင်တွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။ ယခုရန်ပွဲမှာ ကစားသမားတွေသာမက ၂ သင်းစလုံးမှ ဝန်ထမ်းတွေပါ ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။

ကြာသပတေးနေ့မှာတော့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က “ဥရုဂွေးနဲ့ ကိုလံဘီယာတို့ပွဲအပြီးဖြစ်ပွားခဲ့သော အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူတိုင်းကို စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပါတယ်။ ဒီလို ကမ္ဘာ့ဘောလုံးပွဲတော်ရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေမယ့် လုပ်ရပ်မျိုးကို လုံးဝသည်းခံမှာမဟုတ်ကြောင်း ထပ်လောင်းအတည်ပြုလိုပါတယ်။ စိတ်အားထက်သန်မှုကနေ အကြမ်းဖက်မှုကိုပြောင်းလဲသွားတာမျိုးက လက်ခံနိုင်စရာမဟုတ်ပါဘူး။ ဒါကြောင့် အားကစားပြိုင်ပွဲတွေကို ထိခိုက်စေနိုင်တဲ့ မည်သည့်အပြုအမူမျိုးကိုမဆို သည်းခံမှာမဟုတ်ပါ” လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။