The network connection is lost.

Banner Image

ပွဲဦးထွက်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဘိုင်ယန်စတားသစ်

ဘိုင်ယန်စတားသစ် လူးဝစ်ဒီယက်ဇ်က လီဗာပူးထံကနေ ပေါင် ၆၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ကိုလံဘီယာသားဟာ ဒုတိယပိုင်းမှာ လုံလောက်တဲ့စွမ်းရည်အပြင် ဖန်တီးမှုအပိုင်းပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးအင်တာဗျူးမှာ သူ့အနေနဲ့ ကွန်ပနီရဲ့နည်းစနစ်မှာ အထိုင်ကျဖို့ အချိန်ယူရဦးမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

စနေနေ့က လိုင်ယွန်နဲ့ပွဲမှာ ဒီယက်ဇ်တစ်ယောက် ပထမဆုံးပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့သလို ပင်နယ်တီရယူပေးနိုင်ခဲ့တဲ့အပြင် ဂိုးသွင်းနိုင်ဖို့ပါ နီးစပ်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဒီယက်ဇ်ကို ပရိသတ်တော်တော်များများက မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း ကိုလံဘီယာသားက သူ့အနေနဲ့ အချိန်ယူရဦးမယ်လို့ ယုံကြည်နေပါတယ်။

“ဘိုင်ယန်အတွက် ပထမဆုံးပွဲမှာ အခုလိုစွမ်းဆောင်ပြနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ကွင်းထဲမှာလည်း ကောင်းမွန်တဲ့ခံစားချက်ရခဲ့ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲဖြစ်ခဲ့သလို ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။  ကျွန်တော်တစ်ဆင့်ချင်းလုပ်ဆောင်နေပါတယ်။ ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင် ပွဲကောင်းတစ်ပွဲပိုင်ဆိုင်ခဲ့သလို ကျွန်တော်ဂိုးရလုနီးပါးဖြစ်ခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာတော့ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ပထမဆုံးယုံကြည်မှု အံ့ဖွယ်ပါပဲ။ ပထမဆုံးစရောက်တဲ့ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် အရမ်းပျော်သလို ခံစားချက်လည်း ကောင်းပါတယ်။

အသင်းနဲ့အတူ အံဝင်အောင် အချိန်တစ်ခုတော့ ယူရဦးမှာပါ။ နားလည်မှုတည်ဆောက်ဖို့လည်း လိုအပ်ပါသေးတယ်။ အသင်းဖော်တွေကလည်း ကျွန်တော့်ကို ကြိုဆိုကြပါတယ်။ ဘိုင်ယန်ကစားရတာ ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော် ပထမဆုံးနေ့က ပြောခဲ့သလိုပါပဲ။ ကျွန်တော် အသင်းနဲ့အတူ ဆုဖလားတွေရယူချင်သလို ကျွန်တော့်စွမ်းဆောင်ရည်နဲ့အသင်းကို ကူညီချင်ပါတယ်။ ဂိုးတွေကော ဂိုးဖန်တီးမှုပါ လုပ်ချင်ပါတယ်။ 

တကယ်လို့ အရန်ခုံထိုင်ခဲ့ရရင်တောင် အသင်းလိုအပ်ချိန်မှာ ကျွန်တော် အကောင်းဆုံးစွမ်းဆောင်ပြချင်ပါတယ်။ ရာသီကောင်းတစ်ခုပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် အဲ့လိုဖြစ်အောင်လည်း အရာအားလုံးပေးဆပ်ကစားသွားမှာပါ”လို့ ဒီယက်ဇ်က ဖြေကြားခဲ့ပါတယ်။ ကိုလံဘီယာသားဟာ လာမယ့် တော့တင်ဟမ် နဲ့ ဂရက်စ်ဟော့ပါအသင်းနဲ့ပွဲတွေမှာ ကြံ့ခိုင်မှုတည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် လာမယ့်ဂျာမန်စူပါဖလားပြိုင်ပွဲဖြစ်တဲ့ စတုဂတ်နဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ဘိုင်ယန်ဟာ လာမယ့်သြဂုတ်လ ၂၂ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲအဖြစ် လိုက်ပ်ဇစ်အသင်းနဲ့စကန်ရမှာဖြစ်ပါတယ်။