The network connection is lost.

Banner Image

ကိုလံဘီယာလူငယ်ကြယ်ပွင့် အိုရိုဇ်ကိုကို ခေါ်ယူဖို့သဘောတူညီမှုရထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ယခုအချိန်ကတည်းက ပြင်ဆင်နေပြီး ယခုအခါမှာတော့ အသက်-၁၇ နှစ်အရွယ် ကိုလံဘီယာလူငယ်ကြယ်ပွင့် ခရစ်ရှန်အိုရိုဇ်ကိုကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

Daily Mail သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဖော်တလီဇာမှ အိုရိုဇ်ကိုရဲ့ခြေစွမ်းကို မျက်စိကျနေခဲ့တာကြောင့် အခုချိန်ကတည်းက သဘောတူညီမှုရယူထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ဆယ်ကျော်သက်ကစားသမားဟာ ယခုနှစ်အစောပိုင်းက ကိုလံဘီယာယူ-၁၇ အသင်းကို တောင်အမေရိကချန်ပီယံရှစ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားနိုင်သူဖြစ်ပတါယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း ပါရာဂွေးလူငယ်နောက်ခံလူ ဒီယေဂိုလီယွန်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်ပြီး ယခုအခါမှာ အိုရိုဇ်ကိုကိုပါ ထပ်မံခေါ်ယူလိုက်တာဖြစ်ပါတယ်။ ကစားသမား ၂ ဦးစလုံးဟာ အသက်-၁၈ နှစ်ပြည့်တာနဲ့တပြိုင်နက်အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာမှာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ဟာ ဆီနီဂေါ ယူ-၁၇ အသင်းခေါင်းဆောင် မူဟာမက်ဒါဘိုကိုလည်း ခေါ်ယူဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ ဒါဘိုဟာ အသက်ငယ်သေးပေမယ့် ဦးဆောင်နိုင်စွမ်းရှိတဲ့ လူငယ်ကစားသမားဖြစ်ပြီး ယူနိုက်တက်ရဲ့အနာဂတ်အတွက် အရေးပါလာနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်ခံထားရပါတယ်။ 

နည်းပြရူဘင်အာမိုရင်အနေနဲ့ ယူနိုက်တက်ရဲ့အနာဂတ်အတွက် အခုချိန်ကတည်းက ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေကို စောစောစီးစီးလက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်ပိုင်းမှာ မန်နူရယ်ယူဂါတီနဲ့ ကိုဘီမိုင်နူးတို့က ခြေစွမ်းတည်ငြိမ်ဖို့ရုန်းကန်နေရာတာကြောင့်လည်း အခုလို ကစားသမားသစ်တွေ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း သတင်းတွေကဆိုပါတယ်။ 

အိုရိုဇ်ကိုအနေနဲ့ လာမယ့်ဇူလိုင်လမှာ ယူနိုက်တက်သို့ရောက်ရှိလာမှာဖြစ်ပေမယ့် စီနီယာအသင်းမှာ‌တော့ ပွဲထွက်ခွင့်ရဦးမှာမဟုတ်ဘဲ အကယ်ဒမီမှာသာ ဆက်လက်နေထိုင်သွားရဦးမှာဖြစ်ပါတယ်။