The network connection is lost.

Banner Image

လာမိုင်းယာမယ်လ်ကို ရွန်းနီငယ်ငယ်က ခြေစွမ်းနဲ့ နှိုင်းယှဉ်လိုက်တဲ့ အီယန်ရိုက်

အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ဘာစီလိုနာပါရမီရှင်ကစားသမားလေး လာမိုင်းယာမယ်လ်ကို ယူနိုက်တက်ဂန္ထဝင်ကစားသမား ဝိန်းရွန်းနီ ငယ်ငယ်ကပုံစံနဲ့ နှိုင်းယှဉ်လာခဲ့ပါတယ်။

ယာမယ်လ်ဟာ စပိန်အသင်းနဲ့အတူ နိုင်ငံအတွက် စတုတ္ထမြောက် ယူရိုဖလားကို ဆွတ်ခူးရာမှာ အဓိကနေရာကနေ ပါဝင်နိုင်ခဲ့ပြီး အရေးပါတဲ့သွင်းဂို ၁ ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီယန်ရိုက်ဟာ အသက်-၁၇ နှစ်သားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ရွန်းနီနဲ့ နှိုင်းယှဉ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်မီမှာလည်း ရွန်းနီက ယာမယ်လ်ဟာ ယူရို ၂၀၀၄ တုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သူ့ရဲ့ပုံစံကို အမှတ်ရစေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဘာစီလိုနာ အသင်းနဲ့အတူ စီနီယာကစားသမားဘဝ ပထမဆုံးရာသီကို အပြည့်အဝကျော်ဖြတ်နိုင်ခဲ့တဲ့ ယာမယ်လ်ဟာ စပိန်မှာလည်း ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲအတွင်းမှာ ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အီယန်ရိုက်က “ယူရိုမှာ ကျွန်တော့်အတွက် အကောင်းဆုံး ကစားသမားကတော့ လာမိုင်းယာမယ်လ်ပါပဲ။ အခြားဘယ်သူမှ မဖြစ်နိုင်ပါဘူး။ အသက်-၁၆ နှစ်ပဲရှိသေးပေမယ့် ပြိုင်ပွဲကြီးတစ်လျှောက်လုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။ မယုံနိုင်စရာကစားသမားပါ” “ယူရို ၂၀၂၄ ပြိုင်ပွဲမှာပါဝင်ခဲ့တဲ့ ယာမယ်လ်ကို ကြည့်ရတာ ယူရို ၂၀၀၄ မှာအင်္ဂလန်အတွက် ပါဝင်ကစားခဲ့တဲ့ ဝိန်းရွန်းနီကို ပြန်ပြီးသတိရစေပါတယ်။ တကယ်လို့ ရွန်းနီသာ ခြေကျင်းဝတ်ဒဏ်ရာမရခဲ့ရင် ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့မှာပါ။ သူကလည်း မယုံနိုင်စရာခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယခုလအတွင်းမှာပဲ အသက်-၁၇ နှစ်ပြည့်ခဲ့တဲ့ လာမိုင်းယာမယ်လ်ဟာ ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာတော့ ဘာစီလိုနာအသင်းနဲ့ပြန်လည် ပူးပေါင်းသွားတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ အေစီမီလန်တို့ရဲ့ ခြေစမ်းသွားရမယ့် အသင်းရဲ့ ရာသီကြိုအမေရိကန်ခရီးစဉ်မှာ လိုက်ပါသွားမှာဖြစ်ပါတယ်။