The network connection is lost.

Banner Image

လီဗာပူးဂန္တဝင်ကစားသမားဂုဏ်ပုဒ်ကို မိုဆာလက်ကိုယ်တိုင် ဖျက်စီးပစ်နေပြီလို့ ပြောဆိုလိုက်တဲ့ ဝိန်းရွန်းနီ

မိုဆာလက်ဟာ လီဗာပူးအသင်းမှာ ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ဂန္တဝင်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို ကိုယ်တိုင်ပဲ ဖျက်စီးပစ်နေပြီး မာနကြီးသူတစ်ဦးအဖြစ် မိမိကိုယ်ကိုယ်ပုံဖော်နေတယ်လို့ ဝိန်းရွန်းနီက ပြောဆိုလိုက်ပါတယ်။တောင်ပံကစားသမားရဲ့မဆင်မခြင်ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက် ရွန်းနီက အန်းစလော့ဆီ အခုသီတင်းပတ်အတွင်း အင်တာမီလန်၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေအတွက် မိုဆာလက်ကို ချန်လှပ်ထားဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ လိဒ်နဲ့သရေပွဲစဉ်အပြီး မိုဆာလက်က သူ့အပေါ် အသင်းကိုယ်တိုင် သစ္စာဖောက်နေသလို ခံစားရပြီး သုံးပွဲဆက်အရန်ခုံထိုင်ရမှုနဲ့အတူ အန်းစလော့နဲ့ဆက်ဆံရေး ပျက်ပြားသွားပြီလို့ ထုတ်ဖော်လာရာ ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ပါတယ်။

အခုနှစ်အစောပိုင်းမှာ သီတင်းတစ်ပတ်လုပ်ခ ပေါင်လေးသိန်းအထိ ရရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားက လာမယ့်စနေနေ့၊ အန်ဖီးလ်မှာကစားမယ့် ဘရိုက်တန်နဲ့ပွဲစဉ်ကို ပရိသတ်တွေအတွက် သူ့ရဲ့နှုတ်ဆက်ပွဲ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပြန်ပါတယ်။

BBC podcast အစီအစဉ်မှာ ရွန်းနီက “ အန်းစလော့ကိုယ်တိုင် မိုဆာလက်ဆီ ‘မင်းကို အသင်းမှာ မထည့်ထားတော့ဘူး၊ မင်းပြောတဲ့စကားလုံးတွေဟာ လက်ခံနိုင်စရာမရှိဘူး’ဆိုတဲ့အကြောင်း ပြောဆိုရင်း သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ပြသဖို့ လိုအပ်ပါတယ်။

အခုတော့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ သွားရောက်ပြီး အရာအားလုံး အေးဆေးငြိမ်သက်သွားအောင် လုပ်သွားရပါမယ်။ ကျွန်တော်သာ အန်းစလော့နေရာမှာဆိုရင် မိုဆာလက်ကို အသင်းမှာ မထည့်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံးဖြေရှင်းနိုင်ဖို့တော့ လိုအပ်နေပါတယ်။

မိုဆာလက်က လီဗာပူးမှာတည်ဆောက်ထားတဲ့ သူ့ရဲ့ဂန္တဝင်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို သူကိုယ်တိုင်ပဲ လုံးဝဖျက်ဆီးလိုက်ပါပြီ။ အရာအားလုံးကို လွှင့်ပစ်လိုက်တာ မိုဆာလက်အတွက် စိတ်မကောင်းစရာပါပဲ။ အရာအားလုံးက သူ့အတွက် မှားယွင်းသွားခဲ့ပါတယ်။

အချိန်တွေက ကျွန်တော်တို့အားလုံးကို တိုက်စားသွားပြီး အခုရာသီမှာဆိုရင် မိုဆာလက်ရဲ့ အကောင်းဆုံးပုံစံ၊ အထက်မြက်ဆုံးခြေစွမ်း မရှိတော့ပါဘူး။ ကျွန်တော်တို့အားလုံးလည်း မိုဆာလက်ရဲ့ပြန်လည်ရုန်းထလာမှုကို မြင်တွေ့ချင်ကြပါတယ်။ ကိုယ့်ရဲ့နေရာဖယ်မပေးချင်ရင် အသင်းနဲ့အတူဆက်ရှိနေပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဖို့ လိုအပ်ပါတယ်။

ကျွန်တော်သာ မိုဆာလက်ရဲ့အသင်းဖော်တစ်ဦးဖြစ်မယ်ဆိုရင် အခုအချိန်မှာ လီဗာပူးက သူ့ကို အလိုအပ်ဆုံးဖြစ်နေလို့ ဒီလိုပြောဆိုမှုတွေအတွက် လုံးဝကျေနပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာတွေပဲဖြစ်နေပါစေ၊ မိုဆာလက်က စကားလုံးတွေနဲ့အတူ လီဗာပူးရဲ့နောက်ကျောကို ဓါးနဲ့ထိုးလိုက်ပါပြီ။ မိုဆာလက်ဆိုတာ လီဗာပူးအတွက် လုံးဝကို အံ့မခန်းကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ အသင်းဖော်တွေကိုရော၊ နည်းပြနဲ့ ပရိသတ်တွေကိုပါ မလေးစားရာရောက်ပါတယ်။

လေ့ကျင့်ရေးကွင်းမှာလည်း မိုဆာလက်တစ်ယောက် တိတ်ဆိတ်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက အန်းစလော့ကိုယ်တိုင် ကြိုးစားနေရတဲ့ ကစားသမားသစ်တွေ အထိုင်ကျစေဖို့အရေးမှာ အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ယူဆောင်ပေးပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်း အခုလိုပြောဆိုခဲ့မှုတွေအတွက် မိုဆာလက်ကိုယ်တိုင် နောင်တရနေလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်”လို့ ပြောပါတယ်။