The network connection is lost.

Banner Image

မှန်ကန်တဲ့တိုက်စစ်မှူးမျိုးရှာဖွေဖို့ အာဆင်နယ်ကိုသတိပေးလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က လာမယ့်နွေရာသီမှာ အသင်းတိုးတက်ဖို့အတွက် မှန်ကန်တဲ့တိုက်စစ်မှူးမျိုးရှာဖွေရမယ်လို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။ အီယန်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ နှစ်ဆက်လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်အနေနဲ့ လာမယ့်နွေမှာ တိုက်စစ်အဝယ်မမှားဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ နွေရာသီအတွက် ယိုကရက်စ် ၊ ဆက်စ်ကို စတဲ့ကစားသမားတွေကို ချိတ်ဆက်နေတာဖြစ်ပြီး ယူနိုက်တက် နဲ့ လီဗာပူးတို့မှားသလိုမျိုး မမှားဖို့လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုရာသီနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေဆိုးဝါးခဲ့သလို ကိုင်ဟာဗက်ဇ် နဲ့ ဂျီးဆပ်စ်တို့မရှိတော့တဲ့နောက် တိုက်စစ်က ဂိုးသွင်းမယ့်ကစားသမားရှားပါးလာခဲ့ပါတယ်။

ဟွိုက်လန်း နဲ့ ဒါဝင်နူနက်ဇ်တို့ကလည်း သက်ဆိုင်ရာအသင်းတွေမှာ ပါဝင်ကစားနေပေမယ့် အကျိုးမပြုနိုင်ခဲ့တာဖြစ်ပါတယ်။ “ခင်ဗျားအနေနဲ့ ဟွိုက်လန်းကို ကြည့်လိုက်ပါ။ သူ့အတွက် ယူနိုက်တက်က ပေါင် ၇၂ သန်းပေးချေခဲ့ရပါတယ်။အလားအလာကောင်းတွေတော့ရှိနေပါတယ်။ ဒါဝင်လည်း အတူတူပါပဲ။ အာဆင်နယ်က အခုလိုမျိုး တတ်နိုင်မယ်လို့လည်း မထင်ပါဘူး။

မှန်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူးလိုအပ်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းကောင်းတဲ့အသင်းကိုအကျိုးပြုနိုင်တဲ့တိုက်စစ်မှူး လိုအပ်တာပါ။ အာတီတာအနေနဲ့ အသင်းအတွက် အလုပ်မဖြစ်တဲ့တိုက်စစ်မှူးမျိုး မခေါ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဟွိုက်လန်း နဲ့ ဒါဝင်တို့ ဥပမာပြထားတာကြောင့်ပါ။ အာဆင်နယ်က ဈေးကွက်ထဲမှာ သေချာလေးရှာဖွေဖို့ လိုအပ်ပါတယ်။ အဲ့တာကလည်း အသင်းအတွက် အကျိုးပြုမယ့်ကစားသမားမျိုးဖြစ်ဖို့ လိုအပ်ပါတယ်”လို့ ရိုက်က ပြောကြားခဲ့ပါတယ်။

ဆာကာဒဏ်ရာပြဿနာအပြင် အိုဒီဂတ်ခြေစွမ်းကျဆင်းမှုကြောင့် အာဆင်နယ်ရဲ့အခုရာသီက ဆိုးဝါးခဲ့ပြီး နှစ်သစ်မတိုင်ခင် လီဗာပူးအသင်းနဲ့ ၆ မှတ်သာကွာဟခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ၁၅ မှတ်အထိ ကွာဟခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကိုအရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒုတိယနေရာနဲ့ ရာသီသိမ်းနိုင်ဖို့ လာမယ့်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ နယူးကာဆယ် ၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။