
ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက အသင်းကို ယူရိုပါလိဂ်ဆုဖလား မရနိုင်ဘူးလို့ ဝေဖန်ခဲ့သူတွေနဲ့ အသင်းအပေါ် မယုံကြည်ခဲ့ကြသူတွေကို ပြန်လည်တုံ့ပြန်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူပြီး ၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သလို၊ ဥရောပဖလားကိုလည်း ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟာ ယူရိုပါလိဂ်အောင်မြင်မှုရဲ့နောက်ဆက်တွဲအနေနဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့သလို၊ နွေရာသီအပြောင်းအရွှေ့မှာလည်း ဘဏ္ဍာငွေ ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုခွင့်ရသွားမှာဖြစ်ပါတယ်။
သို့သော်လည်း တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၁၇ နေရာမှာသာရပ်တည်ထားနိုင်တာကြောင့် အန်ဂျီပိုစတီကိုဂလူရဲ့ စွမ်းဆောင်ရည်တွေအပေါ် မကြာခဏ မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူအချို့က ပိုစတီကိုဂလူဟာ ပရီးမီးယားလိဂ်မှာ နည်းပြလုပ်နိုင်တဲ့ အဆင့်အတန်းမရှိဘူးလို့ ပြောဆိုခဲ့ကြပါတယ်။
ယခုအခါမှာတော့ ပိုစတီကိုဂလူက အဆိုပါဝေဖန်သူတွေကို တုံ့ပြန်နိုင်ခဲ့ကြောင်းကို “ကျွန်တော်သူတို့ကို ပြောတော့ သူတို့က ရယ်ကြပါတယ်။ ကျွန်တော့်ကို မယုံကြည်ခဲ့ကြပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ ဒီနေရာကို ရောက်နေပါပြီ။ ဒီလိုအောင်မြင်မှုရခဲ့တာကလည်း မယုံနိုင်လောက်စရာကောင်းတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြောင့်ပါပဲ။
ပြီးတော့ အသင်းရဲ့ဂန္ထဝင်တွေဖြစ်တဲ့ ဆွန်ဟောင်မင်၊ ရိုမဲရိုး၊ မက်ဒီဆင်နဲ့ ဗီကာရီယိုတို့ရဲ့ ကြိုးစားအားထုတ်မှုက အရမ်းအရေးပါခဲ့ပါတယ်။ သူတို့က အသင်းရဲ့သူရဲကောင်းတွေပါပဲ။ ဒီအသင်းက ဒီလိုအောင်မြင်မှုတွေနဲ့ ထိုက်တန်ပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် တတိယမြောက်ရာသီက ဒုတိယရာသီထက် ပိုကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပိုစတီကိုဂလူဟာ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပေမယ့် ရာထူးမှာ ဆက်ရှိဖို့ မသေချာသေးပါဘူး။ ဩစတြေးလျသားရဲ့အနာဂတ်ကို အသင်းရဲ့ဥက္ကဌ ဒန်နီယယ်လီဗိုင်က ဆုံးဖြတ်သွားမှာဖြစ်ပြီး သတင်းတွေအရ တော့တင်ဟမ်ဟာ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပိုစတီကိုဂလူအနေနဲ့ တော့တင်ဟမ်ရဲ့ နည်းပြအဖြစ် ဆက်လက်ကိုင်တွယ်နိုင်ခြင်းမရှိတော့ပါကလည်း အသင်းရဲ့ သမိုင်းမှာတော့ ထာဝရ ပါဝင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။