
လက်စတာနဲ့ပွဲမတိုင်ခင် အီဆက်ရဲ့ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဟိုဝီ
နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက တိုက်စစ်မှူး အီဆက်တစ်ယောက် လာမယ့်လက်စတာနဲ့ပွဲမှာ ပါဝင်မလား မပါဝင်ဘူးလားဆိုတာကို အတည်ပြုမယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဘရန့်ဖို့ဒ်ကိုအသင်းကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အီဆက်အနေနဲ့ နယူးကာဆယ်သမိုင်းတစ်လျှောက် ၂ ရာသီဆက် ၂၀ ဂိုးအထိသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အီဆက်တစ်ယောက် ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဟိုဝီက အီဆက်အနေနဲ့ လာမယ့်လက်စတာနဲ့ပွဲကို ပါဝင်နိုင်ဖို့ ၁၀၀% မသေချာသေးပေမယ့် လူစာရင်းမှာ ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ အီဆက်ဟာ ဖေဖော်ဝါရီအကုန်တုန်းကလည်း ပေါင်ဒဏ်ရာကြောင့် အနည်းငယ်ရုန်းကန်ခဲ့ရပြီး လီဗာပူးကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ သောကြာနေ့မနက်ခင်းက သတင်းစာရှင်းပွဲမှာ ဟိုဝီက အီဆက်နဲ့ပတ်သက်ပြီး နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီနေ့အခြေအနေကို စောင့်ကြည့်ရပါမယ်။ မှန်ပါတယ်။ မနေ့က ဆေးအဖွဲ့နဲ့အချိတ်အဆက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ပထမဆုံးအကြိမ်ဆက်လက်စောင့်ကြည့်ရပါမယ်။ သူတို့ ၂ ယောက်အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဗုဒ္ဓဟူးညက ကျွန်တော်တို့ ဒဏ်ရာပြဿနာကြီးကြီးမားမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အနည်းငယ်တော့ရှိခဲ့ပါတယ်”လို့ ဟိုဝီက အီဆက် ၊ ထရစ်ပီယာတို့အခြေအနေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အီဆက်တစ်ယောက် ဘရိုက်တန်နဲ့အက်ဖ်အေဖလားပွဲမှာ မောပန်းမှုဒဏ်ကြောင့် လူစားလဲခံခဲ့ရပါတယ်။ ဆိုစီဒက်စတားဟောင်းဟာ ဒီရာသီထိပ်တန်းလိဂ် ၃ ပွဲကလွဲရင် အခြားပွဲတော်တော်များများမှာ ပါဝင်ပွဲထွက်ခွင့်ရရှိထားကာ အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။
အခြားတစ်ဖက်မှာတေ့ ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရတဲ့ အသက် ၂၄ နှစ်သား ဂေါ်ဒွန်တစ်ယောက် သီးသန့်လေ့ကျင့်ခန်းဆင်းနေပြီး လက်စတာနဲ့ပွဲကိုတော့ လွဲချော်မှာဖြစ်ပါတယ်။ ဂေါ်ဒွန်မရှိချိန်မှာ ဟာဘေးဘန်းစ်က ခြေစွမ်းပြနေပြီး ဟိုဝီက လက်စတာစတားဟောင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပါတယ်။
“ဂေါ်ဒွန်အခြေအနေက အဆင်မပြေသေးပါဘူး။ သူ့ကိုစောင့်ကြည့်ရဦးမှာပါ။ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေပေမယ့် အုပ်စုလိုက်လေ့ကျင့်ခန်းမှာ မပါဝင်သေးပါဘူး။ အဲ့တော့ အခြေအနေစောင့်ကြည့်ရပါဦးမယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။