
မက်ဂွါရီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုတွေစတင်လာတဲ့ မန်ချက်စတာယူနိုက်တက်
အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ မန်ချက်စတာယူနိုက်တက်က ဟယ်ရီမက်ဂွါရီနဲ့ စာချုပ်သစ်တစ်ခုချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုတွေစတင်နေပြီလို့ သိရပါတယ်။ မက်ဂွါရီရဲ့စာချုပ်သက်တမ်းက အခုဘောလုံးရာသီကုန်မှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပေမဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဘက်ကတော့ ဟူးလ်စီးတီးနဲ့ လက်စတာခံစစ်မှူးဟောင်းကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့အတွက် လိုလားနေပါတယ်။ အသက်-၃၂ နှစ်အရွယ်ကစားသမားက ၂၀၁၉ ခုနှစ်မှာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
သရဲနီတွေက မက်ဂွါရီကို အိုးထရက်ဖို့ဒ်မှာ ဆက်လက်ထားရှိဖို့ စိတ်အားထက်သန်နေပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အသက်-၃၂ နှစ်အရွယ်ကစားသမားက နည်းပြအာမိုရင်လက်အောက် အခုဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့် မရရှိပေမဲ့ ကစားပြီးသမျှ ပရီးမီးယားလိဂ်ခုနစ်ပွဲမှာ ခြောက်ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။
အတိတ်ကာလတွေမှာလည်း မက်ဂွါရီက ဘောလုံးပရိသတ်တွေအကြား ဟာသဆန်တဲ့အပြုအမူတွေ လုပ်ဆောင်ခဲ့ဖူးပေမဲ့ သန်မာသောစွမ်းဆောင်ရည်ရှိသူဖြစ်တယ်ဆိုတာ မကြာခဏသက်သေပြခဲ့ပါတယ်။ အလားတူ ယူနိုက်တက်ဘက်ကလည်း အိုးထရက်ဖို့ဒ်မှာ သူ့ကို ဆက်လက်ထားရှိခြင်းဖြင့် ကစားသမားရဲ့ခေါင်းဆောင်မှုအရည်အသွေးကို တန်ဖိုးထားခဲ့ပါတယ်။
ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုက X လူမှုကွန်ရက်မှတဆင့် ယူနိုက်တက်နဲ့ မက်ဂွါရီတို့အကြား စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးနေကြပြီလို့ ဖော်ပြခဲ့ပါတယ်။ သူက “ ဇွန်လမှာ သက်တမ်းကုန်ဆုံးမယ့် လက်ရှိစာချုပ်နဲ့အတူ သဘောတူညီမှုတစ်ခုရရှိဖို့ မန်ချက်စတာယူနိုက်တက်က ဟယ်ရီမက်ဂွါရီနဲ့အတူ ဆွေးနွေးမှုတွေ စတင်လာခဲ့ပါတယ်။
မကြာသေးခင်ရက်ပိုင်းကပဲ နှစ်ဖက်အကြား မျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိအခြေအနေတွေကို ဆက်လက်ဆွေးနွေးသွားကြပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်ကတော့ မက်ဂွါရီရဲ့ကြိုးစားအားထုတ်မှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တို့ကို သဘောကျနေပါတယ်”လို့ ပြောပါတယ်။
ယူနိုက်တက်က မက်ဂွါရီကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေစေချင်တယ်ဆိုရင် ဆွေးနွေးမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဂွါရီက သူ့ရဲ့အနာဂတ်အတွက် ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ စိတ်အားထက်သန်နေဖွယ်ရှိသလို လာမယ့်ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကစားသမားကိုယ်တိုင် နိုင်ငံရပ်ခြားကလပ်အသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့် ရရှိလာပါလိမ့်မယ်။
သရဲနီတွေက အခုအောက်တိုဘာနိုင်ငံတကာသီတင်းပတ်အပြီး အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ ဒါကြောင့် အခုနိုင်ငံတကာသီတင်းမတိုင်ခင် အိုးထရက်ဖို့ဒ်မှာ ဆန်ဒါးလန်းကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အာမိုရင်က ယူနိုက်တက်နည်းပြဘဝ၊ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်နှစ်ပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။