The network connection is lost.

Banner Image

ယူနိုက်တက်ကို နည်းပြ ၃ ဦးနဲ့ စီမံခန့်ခွဲဖို့ အကြုံပြုလာတဲ့ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က အသင်းအနေနဲ့ ရူဘင်အာမိုရင်ကို ထုတ်ပယ်လိုက်ပြီးနောက်ပိုင်းမှာ အိုလီဂန်နာဆိုးလ်ရှား၊ မိုက်ကယ်ကာရစ်နဲ့ လက်ရှိယာယီနည်းပြ ဒါရင်းဖလက်ချာတို့ပါဝင်တဲ့ နည်းပြအဖွဲ့အစည်းသစ်နဲ့ စီမံခန့်ခွဲမှုပြုလုပ်ဖို့ အကြံပေးလာခဲ့ပါတယ်။ 

ရှမိုက်ကယ်အနေနဲ့ ယခုနှစ်ရာသီကုန်အထိ အဆိုပါ နည်းပြ ၃ ဦးစလုံးကို အသင်းအား ပူးတွဲကိုင်ကွယ်စေလိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခုတစ်ပတ်တနင်္လာနေ့က အသင်းရဲ့ရလဒ်ပိုင်းတွေကိုပိုမိုကောင်းမွန်လာအောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိတဲ့ နည်းပြ အာမိုရင်ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး လောလောဆယ်မှာတော့ ယူ-၁၈ နည်းပြဖလက်ချာကို ယာယီနည်းပြအဖြစ်ခန့်အပ်ထားတာဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဘယ်လိုနည်းပြမျိုးကို ခန့်အပ်သင့်သလဲဆိုတဲ့ မေးခွန်းကို ရှမိုက်ကယ်က "ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းမှာ ယူနိုက်တက်သွားသင့်တဲ့လမ်းကြောင်းအတိုင်း တကယ်တမ်းမောင်းနှင်ပေးနိုင်မယ့် ယူနိုက်တက်သားတွေ သိပ်မရှိတော့ပါဘူး"

"ဖလက်ချာ၊ ဆိုးလ်ရှားနဲ့ ကာရစ်တို့ ၃ ဦးစလုံး နည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတာ ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော်သာဆိုရင်တော့ သူတို့ ၃ ယောက်စလုံးကို ရာသီအကုန် ပူးတွဲတာဝန်ထမ်းဆောင်ခိုင်းမှာပါ" "ကျွန်တော်တို့မှာ နည်းပြအပြောင်းအလဲတွေအရမ်းများနေပါပြီ။ ဆာအဲလက်စ်ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းမှာ ပွဲပေါင်း ၁၀၀ ကျော်ကိုင်တွယ်ခဲ့ရတဲ့နည်းပြက ၁ ယောက်ပဲရှိသေးတာ တကယ်ကို အံ့ဩစရာ အချက်အလက်ပါပဲ။ နာမည်ကြီး နည်းပြတွေ သူတို့ရဲ့ စနစ်တွေ၊ အတွေးအခေါ်တွေနဲ့ ရောက်လာခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တဲ့ ကာလတွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပြီးပါပြီ"

"ဒါကြောင့် လာမယ့် ၄ လအတွင်းမှာ မန်ချက်စတာယူနိုက်တက်အကြောင်းကို ကောင်းကောင်းသိနေတဲ့သူတွေ၊ အသင်းမှာ ကစားသမားတွေအဖြစ်ဖြတ်သန်းခဲ့ဖူးပြီး နည်းပြအရည်အသွေးလည်း ကောင်းကောင်းရှိနေသူတွေ အသင်းကိုကိုင်တွယ်သွားမယ်ဆိုရင် ကျွန်တော်တို့ တိုးတက်မှုတွေမြင်ရမှာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။