အက်ဖ်အေဖလား ပွဲစဉ်မတိုင်မီ နယူးကာဆယ်ကစားသမားတစ်ဦးကို ထုတ်ဖော်ချီးကျူးလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက နယူးကာဆယ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဂူမာရေးစ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ ၂ နှစ်ဆက်တိုက် သမိုင်းဝင်ဖလား ၃ လုံးအောင်မြင်မှုကို ပစ်မှတ်ထားနေတဲ့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့မှာ အက်ဒီဟိုဝီရဲ့အသင်းကို အိမ်ကွင်းအီတီဟတ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး နောက်ဆုံး ၄ သင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
နယူးကာဆယ်အနေနဲ့လည်း ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဓိကဖလားတစ်လုံးကိုရယူနိုင်ဖို့အတွက် ကြိုးစားသွားရမှာဖြစ်သော်လည်း လက်ရှိအချိန်မှာတော့ အက်ဒီဟိုဝီရဲ့အသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတာဖြစ်ပါတယ်။ လက်ရှိ နယူးကာဆယ်မှာ ဒဏ်ရာကင်းစင်ပြီး ခြေစွမ်းပြသထားနိုင်တဲ့ ကစားသမားတွေထဲမှာ ဂူမာရေးစ်က ထိပ်ဆုံးကဖြစ်နေပြီး ကစားသမားဟာ ဒီရာသီမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ၁ ပွဲသာလွဲချော်ခဲ့ဖူးတာဖြစ်ပါတယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာ နယူးကာဆယ်သို့ ၂၀၂၂ ခုနှစ်ဇန်နဝါရီမှာ လိုင်ယွန်ကနေ ပေါင်သန်း ၄၀ နဲ့ပြောင်းရွှေ့လာခဲ့ပြီး ပြောင်မြောင်တဲ့ခြေစွမ်းကြောင့် မန်စီးတီးအပါအဝင် ဥရောပအသင်းကြီးတွေကို ဆွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။
ယခုအခါ နယူးကာဆယ်နဲ့ပွဲစဉ်မတိုင်ခင်မှာလည်း ဂွါဒီယိုလာက “သူက ထူးခြားတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ ဘောလုံးရှိတဲ့အချိန်မှာရော ဘောလုံးမရှိတဲ့အချိန်မှာပါ သူက ပြင်းပြင်းထန်ထန်ကစားတက်ပါတယ်။ အထူးသဖြင့် တည်ကန်ဘောတွေမှာဆို သူက ပြင်းပြင်းထန်ထန်ကစားတတ်ပါတယ်။ လိုင်ယွန်မှာကတည်းက သူက ခြေစွမ်းပြသထားနိုင်ခဲ့ပြီး အခုချိန်မှာတော့ အများကြီးပိုတိုးတက်လာပါတယ်။ လာမယ့်ရာသီမှာလည်း သူက နယူးကာဆယ်ရဲ့ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ဦးမှာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မဲခွဲမှုရလဒ်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ဖူးကြပြီး မန်စီးတီးက နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ အပြတ်အသတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာက “ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ရက်သတ္တပတ်တွေကို ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မတိုင်ခင်မှာ အဆင်သင့်ဖြစ်နေရပါမယ်။ ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကဘာလဲဆိုတာ လူတိုင်းသိပါတယ်။ တကယ်လို့ ခင်ဗျားရဲ့အသင်းက ဥရောပပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် နောက်ဆုံးအဆင့်အသင်းတွေနဲ့ကစားရမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ခင်ဗျားတို့ကို စောင့်နေပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။