ဘာစီလိုနာအသင်းရဲ့ ချေပဂိုးကြောင့် စိတ်ပျက်မိပြီး ဒီထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်တယ်လို့ အက်ဒီဟိုဝီ ပြောကြား
ချန်ပီယံလိဂ်ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ရလဒ်အပေါ် တကယ်ကို စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့ညက ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဟာဗေးဘန်းစ်က ပွဲကစားချိန် ၈၆ မိနစ်မှာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ပွဲပြီးခါနီး ၉၆ မိနစ်မှာ ဒါနီအိုလ်မိုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လာမင်းယာမယ်လ်က ကန်သွင်းပြီး ချေပဂိုး ပြန်ရသွားခဲ့တာပါ။
ပွဲအပြီးမှာတော့ အက်ဒီဟိုဝီက "ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အနိုင်ရလဒ်ကို မရခဲ့လို့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ သဘာဝပါပဲ၊ ကိုယ်ဖြစ်ချင်သလို အမြဲဖြစ်မလာတတ်ပါဘူး။ ဒီနေ့ညမှာ ကျွန်တော်တို့ရဲ့ ကစားပုံက တကယ့်ကို ကောင်းမွန်ခဲ့သလို အစွမ်းကုန်လည်း ကြိုးစားခဲ့ကြပါတယ်။ ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ ကျွန်တော်တို့ ကလပ်အသင်းအတွက် ဂုဏ်ယူစရာ ပုံရိပ်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ကစားသမားတွေက သူတို့လုပ်ရမယ့်အပိုင်းကို အကောင်းဆုံးလုပ်ခဲ့သလို ပရိသတ်တွေကလည်း အမြဲတမ်းလိုပဲ အားတက်သရော အားပေးခဲ့ကြပါတယ်။ ဒါကြောင့် ပွဲပြီးခါနီး နောက်ဆုံးအချိန်မှာ ဂိုးပေးလိုက်ရတာက လက်ခံရ တော်တော်ခက်ပါတယ်။ စက္ကန့်ပိုင်းလောက် အာရုံလွတ်သွားတာနဲ့ သူတို့က အခွင့်အရေး ယူသွားတာပါပဲ။ တကယ်တော့ တစ်ပွဲလုံးမှာ ကျွန်တော်တို့ ခံစစ်ကစားပုံက တကယ်ကို ကောင်းခဲ့တာပါ" လို့ ဆိုပါတယ်။
ဟိုဝီက ဆက်လက်ပြီး "ဒုတိယအကျော့အတွက် အခွင့်အရေးက အပြည့်အဝ ရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံးပုံစံမှာ ရှိနေရင် ဘယ်လိုထိပ်တန်းအသင်းနဲ့မဆို ယှဉ်ကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ နောက်ရက်မှာ ပြန်စဉ်းစားကြည့်ရင်တော့ ကောင်းမွန်တဲ့ အချက်တွေကို မြင်လာရမှာပါ။ အခွင့်အရေးတွေ ရှိနေဆဲဖြစ်သလို ကျွန်တော်တို့လည်း တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိက စိန်ခေါ်မှုကတော့ ဒီလိုပုံစံမျိုးကို ပွဲတိုင်း တသမတ်တည်း ပြသနိုင်ဖို့ပါပဲ။ အကောင်းဆုံး ခြေစွမ်းရှိနေချိန်မှာ ထိပ်တန်းအသင်းတွေကို ယှဉ်နိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
နယူးကာဆယ်အနေနဲ့ ဒီထက်ပိုရသင့်သလားလို့ မေးမြန်းရာမှာတော့ အက်ဒီဟိုဝီက "ရသင့်တာပေါ့ဗျာ၊ အသင်းရဲ့ ကစားပုံက ကဏ္ဍစုံမှာ တကယ်ကို ကောင်းမွန်ခဲ့တာပါ။ ခံစစ်ပိုင်းကလည်း သူတို့ကို အခွင့်အရေးမရအောင် ကောင်းကောင်း ထိန်းနိုင်ခဲ့သလို တိုက်စစ်ပိုင်းကလည်း တော်တော်လေး ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဂိုးရနိုင်တဲ့ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ပေမဲ့ တစ်ပွဲလုံးမှာတော့ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရှိနေခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့တာက ဝမ်းသာစရာဖြစ်ပေမဲ့ ပွဲပြီးခါနီး နောက်ဆုံးအချိန်မှာ ဂိုးပြန်ပေးလိုက်ရတာကတော့ တကယ်ကို ခံရခက်ပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။