ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့အတွက် မန်စီးတီးအနေနဲ့ ပြီးပြည့်စုံတဲ့ ပွဲစဉ်တစ်ပွဲ ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ဂွာဒီယိုလာ ဝန်ခံပြောကြား
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
မန်စီးတီးဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် လက်ခံကစားရမှာဖြစ်ပြီး ပထမအကျော့က ၃-၀ နဲ့ ရှုံးနိမ့်ထားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ ကြိုးစားရမှာပါ။ အဲ့ဒီပထမအကျော့ပွဲစဉ်မှာ ဖယ်ဒီရီကို ဗယ်ဗာဒီက ပထမပိုင်းမှာတင် ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဥရောပရဲ့ အင်အားကြီးအသင်းနှစ်သင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ငါးရာသီဆက်တိုက် ဆုံတွေ့နေတာဖြစ်ပြီး အခုပွဲဟာ အီတီဟတ်ကွင်းမှာ အစွမ်းကုန် ကြိုးစားရမယ့် မန်စီးတီးအတွက်တော့ အခက်ခဲဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒီစိန်ခေါ်မှုက အရင်က အလှည့်အပြောင်းတွေနဲ့ ယှဉ်ရင် ဘယ်အဆင့်မှာ ရှိသလဲ၊ အသင်းအပေါ် ယုံကြည်မှု ရှိလားဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာက "မသိသေးပါဘူး၊ ၁၆ သင်းအဆင့်မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်တော် မသိဘူး။ ဘောလုံးပွဲမှာ အရာအားလုံး ဖြစ်သွားနိုင်ပါတယ်။ အဓိကက အနိုင်ရဖို့ အရင်ကြိုးစားရမှာပါ။ ကျွန်တော့်မှာ သီးသန့် အစီအစဉ်ကြီးရယ်လို့တော့ မရှိသေးပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။
"ဒီအသင်းကို ကိုင်တွယ်တာ ၁၀ နှစ်ရှိပြီ၊ ကစားသမားတွေကို ယုံကြည်မှုအကြောင်း ထပ်ရှင်းပြနေရဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒုက္ခရောက်နေပြီပေါ့။ သူတို့ အစွမ်းကုန် ကြိုးစားကြမှာကိုတော့ ကျွန်တော် သေချာပေါက် ယုံကြည်ပါတယ်။ ကစားသမားအသစ်တွေ ပါလာပြီး အရင်အုပ်စုနဲ့တော့ မတူတော့ဘူးပေါ့၊ ဒါပေမဲ့ ဒါဟာ မယုံနိုင်စရာ အခွင့်အရေးတစ်ခုပါ" လို့ သူက ဆက်ပြောပါတယ်။
"စိတ်ဓာတ်ပိုင်းလည်း ကြံ့ခိုင်ဖို့ လိုပါတယ်၊ ဒါဟာ မိနစ် ၉၀ ထက်မက ကြာနိုင်တဲ့ ပွဲပါ။ အခွင့်အရေးတွေ ရဖို့အတွက်တော့ ကျွန်တော် မစိုးရိမ်ပါဘူး၊ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်မှာပါ။ ဒါက မလွယ်ပေမဲ့ ကျွန်တော်တို့ ဒီရောက်နေပြီ၊ ဒါဟာ ဘောလုံးပွဲတစ်ပွဲပဲလေ။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ အဲ့ဒီကို သွားမှာက ဂိုးသွင်းဖို့ပါ။ အဘက်ဘက်ကနေ ပြီးပြည့်စုံတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ဖို့ လိုပါတယ်။ အမြဲတမ်း ကြိုးစားနေရမှာဖြစ်ပြီး ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်မှာပါ။ တစ်ဖက်နဲ့တစ်ဖက်လည်း ကောင်းကောင်း သိကြပါတယ်။ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ဖို့နဲ့ ခံစစ်ကောင်းဖို့ပဲ လိုတာပါ" လို့လည်း ဆိုပါတယ်။
ပွဲမတိုင်ခင် အကြီးမားဆုံး သတင်းကတော့ ဂွာဒီယိုလာဟာ ပွဲစဉ်ဇယားတွေ ကျပ်နေတာကြောင့် ကစားသမားတွေကို တစ်ရက် အနားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒေါ့မွန်နဲ့ ပွဲတုန်းကလည်း အလုပ်ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက မန်စီးတီးဟာ လိုအပ်တဲ့ အနားယူမှု ရရှိပြီးနောက် ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဂွာဒီယိုလာက "ပွဲအတွက် လေ့ကျင့်ရေးကို မနက်ဖြန်မှ လုပ်ပါမယ်။ ကျွန်တော်တို့ မက်ဒရစ်မှာ ရှိနေတုန်းက ဟိုတယ်ကို နောက်ကျမှ ပြန်ရောက်တယ်၊ မနက်ကျတော့ ပြန်လာရတယ်၊ လေ့ကျင့်ရေး မဆင်းနိုင်ဘူး၊ မနေ့ကလည်း မနက် ၂ နာရီ ၃ နာရီလောက်မှ ပြန်ရောက်ကြတာပါ။ အခုခေတ်မှာ လေ့ကျင့်ရေးတွေ ခဏခဏ လုပ်နေလို့လည်း အများကြီး တိုးတက်မလာတော့ပါဘူး။ ဒီရာသီမှာ ဒီလိုမျိုး နှစ်ကြိမ် သုံးကြိမ်လောက် လုပ်ဖူးပါတယ်။ ဒေါ့မွန်တို့ ဖူလ်ဟမ်တို့နဲ့ ပွဲမတိုင်ခင်တုန်းကလည်း ဒီလိုပါပဲ။ တစ်ခါတလေကျရင် လေ့ကျင့်ရေး ဆင်းမယ်၊ တစ်ခါတလေကျရင် အိမ်မှာပဲ နားမယ်။ ကျွန်တော်တို့ အချင်းချင်း ကောင်းကောင်း နားလည်ထားပြီးသားဖြစ်လို့ အများကြီး လေ့ကျင့်စရာ မလိုပါဘူး။ ဒီလို နားလိုက်တာက ဘယ်လောက်တောင် အကျိုးရှိမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။