The network connection is lost.

Banner Image

မန်စီးတီးကို အနိုင်ရတာဟာ ယုံကြည်မှုအတွက် အားဆေးတစ်ခွက်ပါပဲလို့ ဆိုလာတဲ့ ဗင်နီစီးယက်စ်

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီစီးယက်စ်က အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။

ဒီပွဲမှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဗင်နီစီးယက်စ်က "ဒီပွဲဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုအတွက် တကယ်ကို အရေးကြီးတဲ့ပွဲပါ။ ရာသီအစကတည်းက ပွဲကောင်းတွေ အများကြီး ကစားခဲ့ပေမဲ့ ဒီနှစ်ကျော့ပွဲစဉ်တွေမှာလောက် ပွဲကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ တကယ်ကို ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး တော်တော်လေးကောင်းတဲ့အသင်း၊ တော်တော်လေးကောင်းတဲ့ နည်းပြနဲ့ ရင်ဆိုင်ခဲ့ရတာပါ" လို့ ပြောပါတယ်။

"သူတို့က ဘောလုံးပိုင်ဆိုင်မှု အချိန်အကြာကြီး အသာစီးယူထားနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကြိုးစားကစားပြီး ရလာတဲ့ အခွင့်အရေးတွေကို အသုံးချဖို့ပါပဲ။ အရင်က အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့ဖူးပေမဲ့ ဒီနေ့မှာတော့ အများကြီး မလိုအပ်ခဲ့ပါဘူး။ ဒါဟာ အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပါ။ အရေးကြီးတဲ့ ပွဲစဉ်တွေ လာတော့မယ်ဆိုတာ ကစားသမားတိုင်း သိကြပါတယ်။ ချန်ပီယံလိဂ်ပွဲတွေဆိုရင် ရီးရဲလ်အတွက် အရာအားလုံး ပြောင်းလဲသွားလေ့ရှိပါတယ်။ ပရိသတ်တွေရော ကစားသမားတွေပါ ပြောင်းလဲသွားကြတာပါ။ နောက်ထပ် လာမယ့်ပွဲတွေအတွက်လည်း ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ" လို့လည်း ဆိုပါတယ်။

 ပင်နယ်တီ ကန်သွင်းခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဘရာဇီးလ်ကြယ်ပွင့်က "တကယ်တော့ ပထမအကျော့ပွဲစဉ်မှာ ဖီဒီက ကစားတာ အရမ်းကောင်းခဲ့လို့ သူ့ကို ကန်ဖို့ ပြောခဲ့တာပါ။ ပထမတစ်လုံးကို သူ့ကို ကန်ခိုင်းခဲ့ပေမဲ့ သူက မကန်ချင်ဘူးပြောလို့ ကျွန်တော် ကန်ခဲ့ပေမဲ့ လွဲခဲ့ပါတယ်။ ဒီနေ့မှာတော့ သူက ကပ္ပတိန်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း ကျွန်တော့်ကို ယုံကြည်မှုတွေ အပြည့်အဝ ပေးခဲ့ပါတယ်။ သူ့ရဲ့ ယုံကြည်မှုကြောင့် ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းကို အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။