လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် မာတီတာရဲ့အနီကတ်ပြစ်ဒဏ်အတွက် ခရစ္စတယ်ပဲလေ့စ် အယူခံတင်သွင်း
တော့တင်ဟမ်ဟော့စပါးကွင်းမှာ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး မာတီတာရဲ့အနီကတ်ပြစ်ဒဏ်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်း အယူခံတင်သွင်းလိုက်ပါတယ်။
တစ်ဦးချင်းဘောလုံးယှဉ်လုချိန် ပြိုင်ဘက်ကစားသမားဗန်ဒီဗန်ကို ထိခိုက်မိစေတဲ့ ဖျက်ထုတ်မှုကြောင့် ပြင်သစ်လက်ရွေးစင်ကစားသမားက ပွဲချိန် ၁၃ မိနစ်မှာတင် ထုတ်ပယ်ခံလိုက်ရပါတယ်။
ဒိုင်လူကြီးမိုက်ကယ်အိုလီဗာက အစောပိုင်းမှာ အဝါကတ်ပြသခဲ့ပေမဲ့ VAR ပြန်လည်စစ်ဆေးမှုအပြီးမှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အနီကတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကတော့ မာတီတာကိုယ်တိုင် ဘောလုံးကိုသာ အာရုံစိုက်နေခဲ့ပြီး ဗန်ဒီဗန်ပြေးဝင်လာမှုကို သတိမမူမိလိုက်လို့ ဒီဖျက်ထုတ်မှုကို မတော်တဆဖြစ်ရပ်ပဲလို့ အခိုင်အမာချေပပြောဆိုထားပါတယ်။
တော့တင်ဟမ်အတွက် အာချီဂရေးနဲ့ ဗန်ဟတ်ကီတို့ရဲ့ သွင်းဂိုးတွေကြောင့် ကစာသမားတစ်ဦးလျော့ ခရစ္စတယ်ပဲလေ့စ်အတွက် နောက်ထပ်ရှုံးပွဲနဲ့အတူ တန်းဆင်းဇုန်ဆီ ကျရောက်သွားပါတယ်။
စထရန်းလာဆင်ဒဏ်ရာရရှိနေချိန် မာတီတာကို သုံးပွဲအထိ လက်လွှတ်ရနိုင်ခြေကြောင့် ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ နည်းပြဆာဂီအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။
အကယ်၍ အယူခံမအောင်မြင်ရင် မာတီတာက လီဗာပူးနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့အိမ်ကွင်းပွဲစဉ်အပါအဝင် ကိုဗင်ထရီ၊ ဟားလ်စီးတီးတို့နဲ့ရင်ဆိုင်ရမယ့် လိဂ်ပွဲစဉ်တွေကိုပါ လွဲချော်သွားပါလိမ့်မယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ပိုင်းအတွက်လည်း အန်ကတ်တီယာတစ်ဦးတည်းသာ ကျန်ရှိပါလိမ့်မယ်။