တော့တင်ဟမ်ပရိသတ်တွေ ပျော်ရွှင်စေမယ့် သတင်းစကားတစ်ခုကို ပြောဆိုလိုက်တဲ့ ပယ်လင်ဟာ
ပယ်လင်ဟာကတော့ တော့တင်ဟမ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် အခြေအနေ တော်တော်လေး နီးစပ်လာနေပါပြီ။
ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူက ပြီးခဲ့တဲ့နွေရာသီကာလမှာ ဘိုင်ယန်မြူးနစ်မှ တော့တင်ဟမ်ဆီ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ပူးပေါင်းခဲ့သူဖြစ်ပြီး စာချုပ်ထဲမှာ ယူရို သန်း ၃၀ (ပေါင် ၂၅.၉ သန်း)ဖြင့် အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အဲဗာတန်နဲ့ပွဲစဉ်မှာ ပယ်လင်ဟာရဲ့အဖိုးတန်သွင်းဂိုးကြောင့် အလွန်ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ တော့တင်ဟမ်အတွက် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာသွားခဲ့ပါတယ်။
အခုဆိုရင် အသက် ၃၀ အရွယ်ပယ်လင်ဟာက မြောက်လန်ဒန်အရပ်ကို သူ့ရဲ့နေအိမ်လို ခံစားရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အသင်းဆီ အပြီးသတ်ပြောင်းရွှေ့လာဖို့ အရိပ်အမြွက်ပြသလာပါတယ်။
"ကျွန်တော်ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက အိမ်မှာနေရသလိုမျိုး နွေးထွေးမှုကို ခံစားရပါတယ်" လို့ ပယ်လင်ဟာက ဆိုပါတယ်။
"ပရိသတ်တွေဆီကရော၊ ကွင်းထဲက အားပေးသံတွေဆီကပါ အဲဒီလို ခံစားချက်မျိုး ရရှိပါတယ်။ ဒါက ထိပ်တန်းကလပ်တစ်ခုလေ။ တော့တင်ဟမ်မှာ ကစားပြီး ဒီမှာပဲ ဆက်မနေချင်တဲ့သူ ဘယ်သူရှိမှာလဲ? ကျွန်တော့်အတွက် လိုအပ်တာမှန်သမျှ ဒီမှာ အားလုံးရှိပါတယ်။ ဒါပေမဲ့ ဒါက အိမ်ထောင်တစ်ခုလိုပဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှု လိုအပ်ပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ဒီမှာပဲ ဆက်ရှိချင်ပြီး ခက်ခဲတဲ့ရာသီဖြစ်ခဲ့ရင်တောင် ဒီကလပ်မှာ ကစားရတာကို အများကြီးသဘောကျပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
ပယ်လင်ဟာက ကွင်းလယ်အဖျက်အားသန်သူတစ်ဦး မဟုတ်တော့ဘဲ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးနိုင်သူအဖြစ် ပြောင်းလဲလာခဲ့ပြီး မန်စီးတီး၊ ဝုဗ်နဲ့ အဲဗာတန်တို့လို ပြိုင်ဘက်တွေကို အဖိုးတန်ဂိုးတွေ သွင်းယူခဲ့ပါတယ်။
အခုရာသီ၊ ပြိုင်ပွဲစုံ ခုနစ်ဂိုးအထိ သွင်းယူထားနိုင်တဲ့အချက်က ပယ်လင်ဟာရဲ့ကစားသမားဘ၀သက်တမ်းတလျှောက်၊ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်လည်းဖြစ်နေလို့ တော့တင်ဟမ်မှာ ပယ်လယ်ဟာဆက်ရှိနေချင်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။