The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ပွဲဦးထွက်အပြီး အခုထက်ပိုကောင်းအောင် ကြိုးစားသွားမယ်လို့ ဗက်စ်ကိုဗစ်ကတိပြု

ဘရိုက်တန်နောက်ခံလူလူကာဗက်စ်ကိုဗစ်က ရိုးမားကို သုံးဂိုးပြတ်အနိုင်ယူခဲ့တဲ့ စနေနေ့၊ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းပရိသတ်တွေရှေ့မှောက် ပထမဆုံးအကြိမ် ပါဝင်ကစားနိုင်ခဲ့လို့ အမှန်တကယ်ဝမ်းသာမိတယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ်နောက်ခံလူက ပွဲကစားချိန်အတွင်း အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့သလို ခေါင်းတိုက်ဂိုးသွင်းယူဖို့လည်း နှစ်ကြိမ်လောက်အထိ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ အခုထက် ပိုပြီးတိုးတက်အောင် လုပ်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

"တကယ့်ကို တောင့်တင်းတဲ့ ပြိုင်ဘက်ကောင်းနဲ့ ကစားခဲ့ရတာဖြစ်ပေမဲ့ ကျွန်တော်တို့ အားလုံးအတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ဗက်စ်ကိုဗစ်က ကလပ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။

"တိုးတက်အောင် လုပ်ရမယ့် အချက်လေးတွေတော့ ရှိနေပါသေးတယ်။ ကျွန်တော်တို့လည်း ဒါကို လုပ်သွားပါမယ်။ ဒါပေမဲ့ ခြုံကြည့်မယ်ဆိုရင်တော့ စွမ်းဆောင်ရည်က တကယ်ကို ကောင်းခဲ့တယ်လို့ ထင်ပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် "ကျွန်တော်လည်း ဂိုးသွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့အကောင်းဆုံးပုံစံကိုတော့ မရသေးပါဘူး။ နောင်ကျရင် အခုထက် ပိုကောင်းလာပါဦးမယ်" လို့လည်း သူက ပြောခဲ့ပါသေးတယ်။

"ကျွန်တော်က အသက် ၁၉ နှစ်ပဲ ရှိသေးတာမို့လို့ ကြိုးစားစရာတွေ၊ တိုးတက်အောင် လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော့်မှာရှိတဲ့ အရည်အချင်းတွေ အကုန်လုံး ထွက်လာအောင်လည်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားပါမယ်" လို့ ဗက်စ်ကိုဗစ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။