မိုဆာလက်နောက်မှာ တစ်နိုင်ငံလုံးရှိတယ်လို့ ဖွင့်ဟပြောဆိုလိုက်တဲ့ အီဂျစ်နည်းပြဟောင်းအယ်လ်ဆာလက်
အီဂျစ်လက်ရွေးစင်အသင်းလက်ထောက်နည်းပြဟောင်းအယ်လ်ဆာယက်က လီဗာပူးနည်းပြနဲ့ မိုဆာလက်အကြား အငြင်းပွားမှုနဲ့ပတ်သက်လို့ သူတို့နိုင်ငံတစ်ခုလုံး လက်ရွေးစင်အသင်းတိုက်စစ်မှူးကို အပြည့်အဝထောက်ခံပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။
လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်အပြီး နည်းပြနဲ့ ကလပ်အသင်းအကြီးအကဲတွေဆီ ရည်ရွယ်တဲ့ မိုဆာလက်ရဲ့ ပေါက်ကွဲသံစဉ်အင်တာဗျူးအစီအစဉ်အလွန် လီဗာပူးနည်းပြအန်းစလော့က လွန်ခဲ့တဲ့သီတင်းပတ်၊ အင်တာမီလန်ကိုအနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ အီဂျစ်တိုက်စစ်မှူးကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘရိုက်တန်ကိုအနိုင်ယူခဲ့တဲ့ စနေညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အန်းစလော့က မိုဆာလက်ကို ပွဲကစားချိန်မိနစ်တွေ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အီဂျစ်လက်ရွေးစင်အသင်းနဲ့ပူးပေါင်းဖို့ မိုဆာလက် ရောက်ရှိလာပြီး အယ်လ်ဆာယက်ကိုယ်တိုင်လည်း ဂန္တဝင်ကစားသမားရဲ့နောက်မှာ သူတို့တစ်နိုင်ငံလုံး ရပ်တည်ပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မိုဆာလက်ရဲ့လူငယ်ကစားသမားဘဝကတည်းက အကြောင်းစုံသိရှိထားခဲ့တဲ့ အယ်လ်ဆာယက်က BBC Sport နဲ့တွေ့ဆုံချိန် “ ဒီအင်တာဗျူးအစီအစဉ်က အီဂျစ်မှာ တော်လှန်ရေးတစ်ခုလို ဖြစ်သွားပါတယ်။ အီဂျစ်ပြည်သူ ၉၉ ရာခိုင်နှုန်းလောက်က မိုဆာလက်ကို ထောက်ခံသလို လီဗာပူးပရိသတ်တွေလည်း ထောက်ခံတယ်ဆိုတာ အန်ဖီးလ်ကွင်းအတွင်း တုံ့ပြန်ပုံတွေမှတဆင့် မြင်နိုင်ကြားနိုင်ပါတယ်”လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ အယ်လ်ဆာယက်က လာမယ့်ဇန်နဝါရီလအတွင်း မိုဆာလက်ကို လီဗာပူးအသင်း ရောင်းချသွားဖွယ်မရှိဘူးလို့ ယုံကြည်နေပါတယ်။ ဘရိုက်တန်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး မိုဆာလက်ရဲ့အန်ဖီးလ်ကွင်းဆီ နှုတ်ဆက်နေပုံအကြောင်း မေးမြန်းရာမှာ အယ်လ်ဆာယက်က “ လက်ရှိကာလအတွက် နှုတ်ဆက်ရုံမျှသာဖြစ်လို့ ကျွန်တော့်အမြင်ကို မမေးပါနဲ့ဦး”လို့ တုံ့ပြန်ခဲ့ပါတယ်။