The network connection is lost.

Banner Image

အိမ်ကွင်းမှာ အဲဗာတန်ကိုအရေးနိမ့်ခဲ့လို့ စိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ အူနိုင်းအမ်မရီ

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ကို ၀-၁ နဲ့အရေးနိမ့်ပြီးနောက် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက အိမ်ကွင်းမှာရှုံးပွဲကြုံရလို့ စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အဲဗာတန်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၆၀ မှာ တိုက်စစ်မှူး သီယာနိုဘယ်ရီကသွင်းယူပေးခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာအနေနဲ့ ချေပဂိုးပြန်မရခဲ့တာကြောင့် ပရီးမီးယားလိဂ်ဆုဖလားကိုစိန်ခေါ်နိုင်ဖို့ ပိုမိုဝေးကွာလာခဲ့ပါတယ်။ 

ပွဲအပြီးမှာ အမ်မရီက "အသင်းအနေနဲ့ လက်ရှိအခြေအနေထက်ပိုကောင်းတဲ့ အခြေအနေကိုရောက်ဖို့ဆို ဒီလိုပွဲမျိုးမှာ မဖြစ်မနေအနိုင်ရဖို့လိုပါတယ်။ ဒါကြောင့် ဒီရှုံးနိမ့်မှုက တစ်သင်းလုံးအတွက်စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော်တို့ တကယ်ကိုအံ့အားသင့်လောက်စရာ ရာသီတစ်ခုကိုဖြတ်သန်းနေရတာဖြစ်လို့ ဒီလိုရှုံးပွဲတွေကို လက်ခံရပါလိမ့်မယ်"

"ဒီနေ့မှာ ကျွန်တော်တို့က အရမ်းကောင်းတဲ့အသင်းတစ်သင်းကိုရှုံးနိမ့်ခဲ့ရတာပါ။ စက်တင်ဘာလမှာတုန်းက ကျွန်တော်တို့ အဲဗာတန်ကွင်းကိုသွားကစားခဲ့ပါတယ်။ အဲဒီတုန်းကအဲဗာတန်နဲ့ အခုအဲဗာတန်က အရမ်းကွာခြားလွန်းပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ သူတို့ကိုပြန်ရှုံးခဲ့ပါတယ်။ ဒီအရှုံးကိုလက်ခံပြီး ရှေ့ဆက်သွားဖို့ပဲလိုပါတယ်"

"ဘာပဲဖြစ်ဖြစ် ဒီနေ့ရှုံးပွဲကြောင့် စိတ်ပျက်ရတာတော့အမှန်ပါ။ ရှုံးနိမ့်သွားတဲ့ပုံစံကိုလည်း မကျေမနပ်ဖြစ်မိပါတယ်။ နာရီအနည်းငယ်လောက်အချိန်ယူပြီး ရှေ့ဆက်နိုင်ဖို့ အာရုံစိုက်သွားပါမယ်။အနိုင်ရခဲ့တဲ့အဲဗာတန်ကိုလည်း ဂုဏ်ပြုချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်သောကြာနေ့မှာတော့ အက်စတွန်ဗီလာဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဖီနာဘာချီကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။