The network connection is lost.

Banner Image

ဘရိုက်တန်ကို ကပ်နိုင်ခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမိကြောင်း ပြောကြားလာတဲ့ အမ်မရီ

ဗုဒ္ဓဟူးနေ့ညက ဘရိုက်တန်အသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပေါ် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ကျေနပ်အားရနေပါတယ်။ ပွဲပြီးခါနီးမှာ ဂျက်ဟင်ရှယ်ဝုဒ်က သူ့ဂိုးသူမှားသွင်းခဲ့တာကြောင့် ဗီလာတို့ အနိုင်ရရှိခဲ့တာပါ။

"ကိုယ့်ပရိသတ်တွေရှေ့မှာ အခုလိုနိုင်ခဲ့တာ အရမ်းအရေးကြီးပါတယ်" လို့ အမ်မရီက VillaTV ကို ပြောပါတယ်။ "ကျွန်တော်တို့ လိုအပ်နေတဲ့ စွမ်းအင်တွေ အနည်းငယ် ပြန်ရလာပြီဆိုပေမဲ့ ပရိသတ်တွေအတွက်ရော ကျွန်တော်တို့အတွက်ပါ ဒီထက်ပိုကောင်းလာအောင် လုပ်စရာတွေ ကျန်ပါသေးတယ်။ အခုဆိုရင် ကျွန်တော်တို့ ရမှတ် ၅၀ ရနေပြီဖြစ်သလို ဒီနေ့ ၃ မှတ်ရအောင် ယူနိုင်ခဲ့တဲ့ ပုံစံကလည်း တကယ်ကို အံ့ဩဖို့ကောင်းပါတယ်"

"ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ပရီးမီးယားလိဂ် နောက်ဆုံးအိမ်ကွင်း နှစ်ပွဲမှာ ကျွန်တော်တို့ ရှုံးထားခဲ့တာပါ။ ဒီနေ့ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ဖို့၊ တစ်ဦးချင်းရော အသင်းလိုက်ပါ စိတ်ဓာတ်နဲ့ စွမ်းအင်တွေ ပြန်ရဖို့က အရမ်းအရေးကြီးပြီး အခုလို နိုင်လိုက်တာကလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒီအတိုင်းပဲ ဆက်သွားရမှာပါ၊ ဒီနေ့နိုင်ပွဲက ဒီရာသီအတွက် ကျွန်တော်တို့ တကယ်လိုအပ်နေတဲ့ ရှေ့သို့ခြေလှမ်းသစ်တစ်ခုပါပဲ" လို့ ၎င်းက ဆိုပါတယ်။

ဒီပွဲက နှစ်ဖက်အပြန်အလှန် အားစမ်းခဲ့ရတဲ့ ပွဲမျိုးဖြစ်တယ်လို့လည်း အမ်မရီက ဝန်ခံခဲ့ပြီး "ပွဲကတော့ အပြန်အလှန်ပါပဲ၊ ဒါပေမဲ့ သူတို့ ဂိုးဧရိယာထဲကို ကျွန်တော်တို့ ပိုရောက်နိုင်ခဲ့သလို ထောင့်ကန်ဘောတွေလည်း ပိုရခဲ့ပါတယ်။ ပွဲစကတည်းက ကောင်းခဲ့ပြီး မော်ဂန်ကနေတစ်ဆင့် အခွင့်အရေး နှစ်ကြိမ်လောက် ရခဲ့ပါတယ်။ ပွဲမတိုင်ခင်က ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်း အစီအစဉ်အတိုင်း ဖြစ်ခဲ့တာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"မိနစ် ၉၀ စာ အစီအစဉ်ဆွဲထားခဲ့ပါတယ်။ သူတို့ရော ကျွန်တော်တို့ပါ ပွဲကို ဘယ်လိုထိန်းချုပ်မလဲဆိုတာက အရေးကြီးသလို ကိုယ်က အသာမရတဲ့အချိန်တွေမှာလည်း စိတ်ရှည်ဖို့နဲ့ ခံနိုင်ရည်ရှိဖို့က အရမ်းကို အရေးကြီးပါတယ်။ တစ်ခါတလေ ကျွန်တော်တို့က အသာစီးရသလို တစ်ခါတလေ သူတို့ဘက်ကလည်း အသာစီးရပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ဘော (set-pieces) တွေကနေတစ်ဆင့် တိုင်ရွန်မင်းစ်ကြောင့် ဂိုးရခဲ့တဲ့ပုံစံကလည်း အရမ်းအရေးကြီးပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ် ဂိုးရနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ"

"အခုဆို ရမှတ် ၅၀ ရပါပြီ။ ဒီနေ့အတွက် တကယ်ကို ဝမ်းသာမိသလို ကျွန်တော်တို့ရဲ့ စွမ်းအင်တွေ၊ ခြေစွမ်းကောင်းတွေနဲ့ ယုံကြည်မှုတွေကို ပြန်ရဖို့ ကြိုးစားသွားမှာပါ။ ဒီနေ့ရခဲ့တဲ့ ၃ မှတ်က အဲဒီအတွက် တကယ်ကို အရေးကြီးပါတယ်" လို့ အမ်မရီက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။