The network connection is lost.

Banner Image

ဗီလာအကြီးအကဲ ဗီဒါဂနီက ပရိသတ်တွေနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့ ကွန်ဆာကို ခေါ်ယူစကားပြောခဲ့ကြောင်း အတည်ပြု

ပြီးခဲ့တဲ့ သောကြာနေ့ညက ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပရိသတ်တွေနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့ အက်ဇ်ရီ ကွန်ဆာရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အက်စတွန်ဗီလာ စီမံခန့်ခွဲသူတွေက သူ့ကို သတိပေးလိုက်ပါတယ်။ ပွဲပြီးခါနီးအချိန်မှာ ကွန်ဆာဟာ ဗီလာအဝေးကွင်းပရိသတ်တွေနဲ့ အချင်းများနေတာကို မြင်တွေ့ခဲ့ရတာပါ။ ဂျွန် မက်ဂင်းန် မပါဝင်နိုင်တဲ့ အဲ့ဒီပွဲမှာ ကွန်ဆာဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ပတ်ပြီး ကစားခဲ့တာလည်း ဖြစ်ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ စီမံခန့်ခွဲသူတွေက ကွန်ဆာကို ဒဏ်ကြေးမရိုက်ခဲ့ပေမဲ့ ဗီလာပရိသတ်တွေအပေါ် ထားရှိရမယ့် တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်ပြီးတော့တော့ ပြန်လည်သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဗီလာရဲ့ ဘောလုံးလုပ်ငန်းဆိုင်ရာ ဒါရိုက်တာ ဒါမီယန် ဗီဒါဂနီက "ကျွန်တော်တို့ အက်ဇ်ရီနဲ့ စကားပြောခဲ့ပါတယ်။ နှစ်ဖက်စလုံးမှာ ခံစားချက်တွေက အရမ်းကို ထိခိုက်လွယ်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ခံစားခဲ့ရပါတယ်။ သူ့ရဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ သူ့ကို ပြောပြခဲ့ပါတယ်" လို့ ဆိုပါတယ်။

"တစ်ချိန်တည်းမှာပဲ ပရိသတ်တွေဘက်က ကစားသမားတစ်ယောက်ကို ဆဲဆိုတာ ဒါမှမဟုတ် ဆိုးဆိုးရွားရွား တုံ့ပြန်တာမျိုးဟာလည်း လက်ခံနိုင်စရာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကလပ်အသင်းက ကစားသမားနဲ့ စကားပြောခဲ့တာပါ။ ပွဲရှုံးပြီးနောက်မှာ ကစားသမားတွေရဲ့ ခံစားချက်ဟာလည်း ထိခိုက်လွယ်တဲ့ အချိန်ဖြစ်တယ်ဆိုတာကို ပရိသတ်တွေဘက်က နားလည်ပေးဖို့ လိုအပ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲ့ဒီအချိန်မှာ ပွဲကြည့်စင်ပေါ်မှာရော၊ အဝတ်လဲခန်းထဲမှာပါ ဒေါသတွေ ရှိနေခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ရှေ့ဆက်ဖို့နဲ့ စည်းလုံးဖို့အတွက် ကျွန်တော်တို့အားလုံး စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။