ချယ်ဆီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ဗီလာကစားသမားတွေကို အမ်မရီ တိုက်တွန်း
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ချယ်ဆီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ အသင်းအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ဗီလာအသင်းဟာ ချယ်ဆီးကို ၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အမ်မရီက “ကျွန်တော်တို့ အခုအချိန်မှာ အခြေအနေမကောင်းဖြစ်နေပါတယ်။ တိုက်စစ်ရော ခံစစ်မှာပါ နည်းစနစ်ပိုင်းဆိုင်ရာ ပုံစံကောင်းတွေ ပြန်ရလာဖို့ အလုပ်လုပ်ရပါမယ်၊ ကစားသမားတိုင်း အသားကျလာအောင်လည်း ကြိုးစားရမှာပါ။ ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ အားထုတ်ကြိုးပမ်းပြီး အသင်းရဲ့ တည်ဆောက်ပုံကို ပြန်ပြီးခိုင်မာလာအောင် လုပ်ဆောင်သွားရပါမယ်” လို့ ဆိုပါတယ်။
“ဒီနေ့မှာတော့ ချယ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ဟာ အရည်အချင်းရှိကြောင်း၊ အစွမ်းရှိကြောင်းနဲ့ ပွဲကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြသသွားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ ကောင်းကောင်း ယှဉ်ကစားနိုင်ခဲ့သလို ဒုတိယဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ VAR က အဲဒီဂိုးကို ပယ်ဖျက်ခဲ့ပါတယ်”
“ပထမပိုင်းမှာ နှစ်သင်းစလုံး အကြိတ်အနယ်ရှိခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ လုံးဝကွာခြားသွားခဲ့ပြီး ချယ်ဆီးက အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ပွဲကို ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့အသင်းရဲ့ အောက်မှာပဲ ရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ၂၉ ပွဲကစားအပြီးမှာ ကျွန်တော်တို့က ခြေစွမ်းတည်ငြိမ်နေခဲ့လို့ပါ။ အခုတော့ ကျွန်တော်တို့ အခြေအနေမကောင်းဖြစ်နေပြီး ရရှိထားတဲ့ အားသာချက်တွေ ဆုံးရှုံးနေရတဲ့အတွက် အမြန်ဆုံးပြန်လည် နာလန်ထူရပါမယ်”
“ကျွန်တော်တို့ ရရှိထိုက်တာတွေကို တဖြည်းဖြည်းနဲ့ ဆုံးရှုံးနေရပါပြီ။ ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို အခိုင်မာဆုံး ပြန်လည်တည်ဆောက်ဖို့နဲ့ တစ်ဦးချင်းရော အသင်းလိုက်ပါ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်ဖို့ အချိန်ရှိပါသေးတယ်။ ဒီနေ့မှာတော့ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ချယ်ဆီးကို ဂုဏ်ပြုပါတယ်၊ ဒါပေမဲ့ ၂၉ ပွဲကစားအပြီးမှာ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ၃ မှတ်ကွာဟချက် ရှိနေပါသေးတယ်။ ကျွန်တော်တို့ ဒီအမှတ်ကွာဟချက်ကို လက်လွှတ်နေရပေမဲ့ ဆက်ပြီး ထိန်းထားနိုင်ဖို့ ကြိုးစားရမှာပါ” လို့ အမ်မရီက ပြောကြားသွားခဲ့ပါတယ်။