The network connection is lost.

Banner Image

ဗီလာနဲ့ ဖူလ်ဟမ်တို့ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ယူနိုက်တက်ကွင်းလယ်လူ မေဆင်မောင့်

ယူနိုက်တက် ကင်းထောက်ဟောင်းတစ်ဦးဖြစ်သူ မစ်ခ်ဘရောင်းက မေဆင်မောင့်ဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေစဉ်အတွင်း စံပြကစားသမားတစ်ဦး ဖြစ်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်လူ မေဆင်မောင့်ဟာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီမှာ ရောင်းထုတ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဘရောင်းက Football Insider နဲ့ တွေ့ဆုံရာမှာ "မေဆင်မောင့်လို ကစားသမားမျိုးကို စိတ်ဝင်စားမယ့် အသင်းတွေ အများကြီးရှိလာမှာပါ" လို့ ဆိုပါတယ်။

"သူက နာမည်ကောင်းရှိပြီး ယူနိုက်တက်မှာလည်း လူချစ်လူခင် များပါတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် စကားပြောဖြစ်သမျှ လူတိုင်းက သူဟာ လေ့ကျင့်ရေးကွင်းမှာ တကယ်ကို တော်တဲ့သူဖြစ်ပြီး ကြိုးကြိုးစားစား လုပ်ဆောင်တတ်သူလို့ ပြောကြပါတယ်။ အသင်းမှာရော၊ ဝတ်လဲခန်းထဲမှာပါ သူ့ရဲ့ အပြုအမူတွေက အရမ်းကောင်းပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

"ဒါဟာ ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ စဉ်းစားတဲ့အခါ ကြားရတာ အရမ်းကောင်းတဲ့ အချက်ပါ။ ဘာလို့လဲဆိုတော့ စိတ်နေစိတ်ထားနဲ့ ကြိုးစားအားထုတ်မှု မှန်ကန်တဲ့သူတွေကို အသင်းဆီ ခေါ်ယူဖို့က အရမ်းအရေးကြီးလို့ပါ"။

"အရင်ကလည်း အက်စတွန်ဗီလာက သူ့ကို စိတ်ဝင်စားခဲ့ဖူးတယ်လို့ ကျွန်တော် သိထားပြီး အခုထိလည်း သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲမှာ ရှိနေဦးမှာ သေချာပါတယ်။ နောက်ပြီး အကယ်၍ သူသာ အရောင်းစာရင်းထဲ ပါလာမယ်ဆိုရင် ဖူလ်ဟမ်လို အသင်းမျိုးတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်လာမှာပါ"။

"ပရီးမီးယားလိဂ် အသင်းအတော်များများက မေဆင်မောင့်လို ကစားသမားမျိုးကို အလိုရှိနေကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အဓိက အချက်ကတော့ သူဟာ အသင်းအတွက် အကျိုးပြုနိုင်ဖို့ ဒဏ်ရာကင်းကင်းနဲ့ ကြာကြာကစားပေးနိုင်မလား ဆိုတာပါပဲ။ ဒါဟာ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်၊ မဖြစ်ကို အဆုံးအဖြတ်ပေးမယ့် အချက်ဖြစ်သလို ပြောင်းရွှေ့ကြေး ကိစ္စလည်း ပါဝင်ပါတယ်" လို့ ဘရောင်းက သုံးသပ်ပြောကြားခဲ့ပါတယ်။