
နယူးကာဆယ်စတားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ လီဗာပူးစတားဟောင်း
လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက အသင်းဟောင်းအနေနဲ့ နယူးကာဆယ်စတား အီဆက်ကိုခေါ်ယူမှာနဲ့ပတ်သက်ပြီး မှန်ကန်တယ်လို့ မခံစားရကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ ဝီရက်ဇ် ၊ ဖရင်းပေါင် ၊ ကာကက်ဇ် ၊ အက်ကီတီကီတို့ကို ပေါင် ၂၅၂ သန်းအထိ အသုံးပြုပြီးခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ပိုင်းအတွက် အီဆက်ကို ထပ်မံခေါ်ယူချင်နေဆဲဖြစ်ကာ ကာရေဂါက အသင်းဟောင်းအနေနဲ့ အပြောင်းအရွှေ့နည်းစနစ်တွေပြောင်းလဲခဲ့ပြီလို့ ယုံကြည်နေပါတယ်။
နယူးကာဆယ်က ဆွီဒင်သားကို ပေါင်သန်း ၁၅၀ တန်ကြေးသတ်မှတ်ထားကာ လီဗာပူးဘက်က ပေါင်သန်း ၁၁၀ နဲ့ ကနဦးကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဘက်က နယူးကာဆယ်လိုချင်တဲ့အနေအထားမျိုးအထိရောက်အောင် ထပ်မံတိုးမြှင့်ကမ်းလှမ်းပေးဖို့ ပြင်ဆင်နေပါတယ်။ အက်ကီတီကီကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ကာရေဂါက နောက်ထပ်တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူဖို့လုပ်ဆောင်နေတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
“ဒီနွေရာသီမှာ လီဗာပူးအသင်းကစားသမားခေါ်ယူမှုတွေလုပ်ပြီးသွားပြီဖြစ်သလို ငွေအများကြီးလည်း သုံးထားပြီးပါပြီ။ ကျွန်တော် ဒီလိုမျိုးလုပ်နေတာကို မကြိုက်ပါဘူး။
သူတို့ပရိသတ်အချို့ဆီကနေစကားသံတွေနားထောင်လားဆိုတာ မသေချာပါဘူး။ အီဆက်ကိုခေါ်ယူနိုင်ခဲ့ရင် လီဗာပူးအတွက် ပိုကောင်းပါတယ်။ ဒါပေမယ့် ပရိသတ်အမြင် ကျွန်တော့်အမြင်အရ ကျွန်တော့်အနေနဲ့ လီဗာပူးကို အီဆက်အတွက် ပေါင်သန်း ၁၅၀ မသုံးစေချင်ပါဘူး။ ခင်ဗျား(မာတင်ဇက်ဂလာ)က သူဟာ လီဗာပူးရဲ့နံပတ် ၁ ပစ်မှတ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်အဲ့တာကို စိတ်ကူးကြည့်မိပါတယ်။ လီဗာပူးက အက်ကီတီကီအပြင် နောက်ထပ်တိုက်စစ်မှူးတစ်ဦး ထပ်ဝယ်ဦးမှာလားပေါ့။ အဲ့တာက ကျွန်တော့်အတွက် မှန်ကန်တယ်လို့ မခံစားရပါဘူး။ လီဗာပူးက အကြောင်းအရာတွေကြောင့် ကွင်းထဲမှာ အချက်အလက်တွေလိုအပ်တယ်ဆိုတာ သိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ကာရေဂါက လီဗာပူးအသင်းရဲ့အပြောင်းအရွှေ့နည်းစနစ်ကို မေးခွန်းထုတ်ခဲ့သလို အားကစားဒါရိုက်တာ ရစ်ချက်ဟု့ချ်ရဲ့ဆုံးဖြတ်ချက်တွေဟာ အနည်းငယ်ရှုပ်ထွေးတယ်လို့ ထောက်ပြခဲ့ပါတယ်။ “ကျွန်တော် အီဆက်ကိုကြည့်ဖြစ်ပါတယ်။ ရစ်ချက်က ဘယ်လိုစဉ်းစားနေလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး။ ကျွန်တော့်အတွက်တော့ အခုအခြေအနေက အနည်းငယ်ရှုပ်ထွေးတယ်လို့ ခံစားရပါတယ်။ ကျွန်တော့်အတွက် လီဗာပူးဘက်က တွေးချိန်မှာ ကျွန်တော် အဲ့အစီအစဉ်တကယ်မကြိုက်ပါဘူး။ အသင်းအစီအစဉ်က တိုက်စစ်မှူးတစ်ဦးကို ပေါင်သန်း ၈၀ ပေးပြီးခေါ်ယူမယ်လို့ ကျွန်တော်မထင်ပါဘူး။ အခုလည်း နောက်ထပ် ပေါင်သန်း ၁၂၀ အသုံးပြုဖို့ ပြင်ဆင်နေပါတယ်”လို့ ကာရေဂါက ထပ်လောင်းပြောကြားခဲ့ပါတယ်။
သတင်းတွေအရ အီဆက်ဟာ အနာဂတ်အတွက် နည်းပြ ဟိုဝီနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်က လီဗာပူးအသင်းထံပြောင်းချင်နေပေမယ့် တနင်္လာနေ့တုန်းက လေ့ကျင့်ရေးကွင်းကို ပြန်လာခဲ့ပါတယ်။ နယူးကာဆယ်ဘက်က အီဆက်နေရာအတွက် အစားထိုးဖို့ ရှာဖွေနေပြီး ဆက်စ်ကိုကို ကမ်းလှမ်းထားပါတယ်။ မကြာခင်မှာလည်း လီဗာပူးဘက်က အီဆက်အတွက် ဒုတိယအကြိမ်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။