နယူးကာဆယ်ကွင်းလယ်လူ တိုနာလီကို ပေါင်သန်း ၁၀၀ အထိအသုံးပြုပြီး ခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်နေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်အသင်းရဲ့ အဓိကကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၁၀၀ အထိ အသုံးပြုပြီး အကြီးအကျယ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အလေးအနက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်း ပြန်လည်တည်ဆောက်ရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူနိုက်တက်ဟာ ကားလို့စ် ဘာလီဘာ၊ အာဒမ် ဝါတန်၊ အဲလီးယော့ အန်ဒါဆင်နဲ့ အဲလက်စ် စကော့တ်တို့လို ကစားသမားတွေကိုလည်း ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
တယ်လီဂရပ်ဖ် သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ၎င်းတို့ရဲ့ ကစားသမားသစ် ရှာဖွေရေးစာရင်းထဲကို နယူးကာဆယ်ကြယ်ပွင့် ဆန်ဒရို တိုနာလီကိုပါ အသစ်ထပ်မံ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်အသင်းက တိုနာလီကို ချဉ်းကပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ချက်ချင်းဆိုသလို ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အေးဂျင့်ဖြစ်သူဟာ ရာသီကုန်ချိန်မှာ တိုနာလီအနေနဲ့ အသင်းပြောင်းရွှေ့နိုင်ခြေ ရှိမရှိဆိုတဲ့ အချက်ကိုတော့ လုံးဝပယ်ချခြင်း မရှိခဲ့ဘူးလို့ သိရှိရပါတယ်။