The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲမှာ အမ်ဘွေမိုနဲ့ အာမက်တို့ကို အသုံးချခဲ့တဲ့ ကာရစ်ရဲ့ဆုံးဖြတ်ချက်ကို ရှမိုက်ကယ်ချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ပီတာရှမိုက်ကယ်က မန်ချက်စတာစီးတီးကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်ပိုင်းအပြောင်းအလဲပြုလုပ်ပြီး ဘရိုင်ယန်အမ်ဘွေမိုနဲ့၊ အာမက်ဒီယာလိုတို့ကို အသုံးချခဲ့တဲ့ ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ဆုံးဖြတ်ချက်ကို ချီးကျူးလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးကို ပွဲအစမှ အဆုံးအထိ အသာစီးရယူကစားခဲ့ပြီး နာမည်ကျော်ဂိုးသမား ဒွန်နာရမ်မာရဲ့ ဂိုးပေါက်ထဲသို့ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ၃ ဂိုးက VAR ဆုံးဖြတ်ချက်အရ လူကျွံဘောအဖြစ်သတ်မှတ်ခဲ့တာကြောင့်ယူနိုက်တက်တို့ ၂-၀ ဆိုတဲ့ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

၂ ဂိုးသွင်းယူပြီး ရမှတ် ၃ မှတ်အပြည့်ရခဲ့တဲ့ယူနိုက်တက်အတွက် အဆိုပါပွဲစဉ်ဟာ နည်းပြသစ်ကာရစ်ရဲ့ပွဲဦးထွက်လည်းဖြစ်တာကြောင့် ကာရစ်အနေနဲ့ ပြီးပြည့်စုံတဲ့ ပွဲစဉ်နဲ့ ယူနိုက်တက်နည်းပြဘဝကို စတင်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ကာရစ်ဟာ ပွဲမစမီမှာ အာဖရိကဖလားပြိုင်ပွဲမှ ပြန်လည်ရောက်ရှိလာကြတဲ့ အမ်ဘွေမိုနဲ့ အာမက်တို့ကို အနားမပေးဘဲ အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပြီး မကြာသေးမီက ဂိုးတွေတောက်လျှောက်သွင်းနေတဲ့ တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုနဲ့ တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာတို့ကိုအရန်ခုံပို့ခဲ့ပါတယ်။ 

ကာရစ်ရဲ့ဆုံးဖြတ်ချက်မှန်ကန်မှုနဲ့အတူ အမ်ဘွေမိုနဲ့ အာမက်တို့ကလည်း ယူနိုက်တက်တိုက်စစ်မှာ ထူးရှယ်ခြေစွမ်းပြသခဲ့ကြပြီး ၆၅ မိနစ်မှာတော့ အမ်ဘွေမိုက အဖွင့်ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာမက်အနေနဲ့လည်း ဂိုးရခဲ့ပေမယ့် လူကျွံနေတာကြောင့် ပြန်လည်ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။

ယခုအခါမှာ ရှမိုက်ကယ်က "ဒါက တကယ်ကိုအံ့အားသင့်စရာကောင်းပါတယ်။ ပွဲမတိုင်ခင်မှာ ကာရစ်အနေနဲ့ ဒီလိုလူစာရင်းအပြောင်းအလဲတွေပြုလုပ်တာ မှန်ပါ့မလားလို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါပေမယ့် တကယ်တော့ ကာရစ်လုပ်ခဲ့တာက မှန်ကန်လွန်းတဲ့ဆုံးဖြတ်ချက်ပါ။ အမ်ဘွေမိုက တကယ်ကိုအံ့အားသင့်စရာကစားသမားပါ"

"ယူနိုက်တက်ကို ဒီလိုပုံစံနဲ့မမြင်ရတာ အရမ်းကြာခဲ့ပါပြီ။ အခုလိုပြန်မြင်လိုက်ရတာ တကယ်ကို ဝမ်းသာစရာပါ။ ဒီနေ့မြင်တွေ့ခဲ့ရတဲ့ယူနိုက်တက်က ကျွန်တော်တို့ မျှော်လင့်နေတဲ့ယူနိုက်တက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။