The network connection is lost.

Banner Image

ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့က ကိုယ့်ကိုယ်ကိုယ်အပေါ်ပဲမူတည်နေတယ်လို့ ယာမယ်လ်ကို သတိပေးလာတဲ့ ဒီကို

ဘာစီလိုနာအားကစားဒါရိုက်တာ ဒီကိုက အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ သတိပေးပြောကြားလာခဲ့ပါတယ်။ ဒီကိုက ယာမယ်လ်ဟာ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ခေတ်အလွန် ဘောလုံးလောကရဲ့ အံ့ဖွယ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်သွားမယ်လို့လည်း ချီးကျူးခဲ့ပါသေးတယ်။ 

ကွင်းလယ်လူဟောင်းက "ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ ဖြစ်မလာဖို့က သူ့အပေါ်မှာပဲမူတည်နေပါတယ်။ သူ ဘာစီလိုနာမှာနောက်ထပ် ရာသီအများကြီးနေသွားရဦးမှာဖြစ်လို့၊ ချန်ပီယံလိဂ်နဲ့ လာလီဂါတို့လို ဘောလုံးလောကရဲ့အမြင့်ဆုံးအဆင့်မှာ ဆက်လက်ကစားခွင့်ရသွားဦးမှာပါ။ ပြီးတော့ သူက ရီးရဲလ်မက်ဒရစ်လိုအသင်းကြီးတွေနဲ့လည်း ဆက်လက်ယှဉ်ပြိုင်သွားရပါဦးမယ်"

"စပိန်အသင်းမှာလည်း သူကအရေးပါတဲ့ကစားသမားဖြစ်နေလို့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတွေမှာ တောက်ပလာဦးမယ့် ကစားသမားပါ။ အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်ပါပြီ။ သူက ကစားသမားတစ်ယောက်ရဲ့တာဝန်တွေကိုလည်း ကောင်းကောင်းနားလည်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးဒီကိုက "ကျွန်တော်ကစားခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းက နည်းစနစ်အရမ်းကောင်းခဲ့ပြီး အဲဒီဘောလုံးပညာကို နောက်ပိုင်းကစားသမားတွေအထိ အမွေပေးနိုင်ခဲ့တယ်ထင်ပါတယ်။ မက်ဆီ၊ ဇာဗီနဲ့ အင်နီယေစတာတို့လိုကစားသမားတွေပေါ်ထွန်းခဲ့တာ ဘာစီလိုနာနဲ့ကိုယ်ပိုင်နည်းစနစ်တွေကြောင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဒီကိုဟာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တွဲဖက်ကစားခွင့်ရခဲ့ပေမယ့် သူ့အတွက်အကောင်းဆုံးကစားသမားကတော့ ရော်နယ်ဒင်ဟိုဖြစ်တယ်လို့ဆိုပါတယ်။ သို့သော်လည်း ပေါ်တူဂီလက်ရွေးစင်ဟောင်းက မက်ဆီဟာ အပြီးပြည့်စုံဆုံး အသင်းဖော်ဖြစ်တယ်လို့ အာဂျင်တီးနားသားကို ချီးကျူးခဲ့ပါတယ်။ 

နောက်ဆုံးအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ဒီကိုက "လောလောဆယ်မှာ စပိန်က စုဖွဲ့မှုအားအကောင်းဆုံးဖြစ်နေပါတယ်။ လာမယ့်နှစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့အဖြစ်နိုင်ဆုံးက စပိန်ပါ။ ပြီးရင်တော့ အာဂျင်တီးနားက ဒုတိယပါ။ ကျွန်တော်ခန့်မှန်းမိတဲ့ တတိယမြောက်အသင်းက ဘရာဇီးဖြစ်ပြီး သူ့နောက်မှာ ပြင်သစ်၊ ပေါ်တူဂီနဲ့ ဂျာမနီတို့ဖြစ်မယ်ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။