အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ကျောနံပါတ်အသစ် ဝတ်ဆင်ခွင့်ရရှိသွားတဲ့ ယာမယ်လ်
ဒီည၊ အင်္ဂလန်နဲ့ယှဉ်ပြိုင်ရမယ့် စပိန်ရဲ့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ ဥရောပနေးရှင်းလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ်အတွက် ဘာစီလိုနာကြယ်ပွင့်ယာမယ်လ် ပွဲထွက်ပါဝင်လာဖို့ ရှိနေပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားလေးက ဒူးဒဏ်ရာပြဿနာကြောင့် ကြားရက်၊ ချက်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ လွဲချော်ခဲ့ပေမဲ့ မက်ဒရစ်မြို့မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အသင်းဆီ ပြန်လည်ရောက်ရှိလာတဲ့ အိုယာဇာဘယ်လ်နဲ့အတူ ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့ နည်းပြဒီလာဖွန်တေက အတည်ပြုခဲ့ပါတယ်။
မက်ထရိုပိုလီတာနိုကွင်းမှာ အပြောင်းအလဲပြုလုပ်ထားတဲ့ စပိန်ရဲ့တိုက်စစ်ပိုင်းအတွက် ဒီကစားသမားနှစ်ဦးလုံး ပွဲထွက်လာဖွယ်ရှိပြီး အခုပွဲစဉ်မှာ ယာမယ်လ်က ကျောနံပါတ်အသစ် ဝတ်ဆင်ခွင့် ရရှိထားပါတယ်။
သူက စပိန်လက်ရွေးစင်အသင်းမှာ သူ့ရဲ့ဘာစီလိုနာကျောနံပါတ်ဟောင်းဖြစ်တဲ့ နံပါတ် ၁၉ ကို ပုံမှန်ဝတ်ဆင်လေ့ရှိပေမဲ့ သောမတ်စ်တူချယ်ရဲ့အသင်းနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာတော့ သူ့ရဲ့ ကလပ်အသင်းမှာ လက်ရှိဝတ်ဆင်နေတဲ့ ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်သွားပါလိမ့်မယ်။
အကြောင်းရင်းအဖြစ် ဒါနီအိုလ်မို ဒဏ်ရာရရှိနေပြီး လက်ရှိစခန်းသွင်းလေ့ကျင့်မှုဆီ မလာရောက်နိုင်သလို ပရာဟာမြို့ပွဲစဉ်မှာ အဲ့ဒီနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့ ဗစ်တာမူနော့ဇ်ရဲ့နေရာကို ယာမယ်လ် အစားထိုးဝင်ရောက်ဖို့ ရှိနေလို့ပဲ ဖြစ်ပါတယ်။
စပိန်အသင်းမှာတော့ ဂျာစီကျောနံပါတ်တွေကို စီနီယာဖြစ်မှုနဲ့ လက်ရွေးစင်အဆင့်ပွဲစဉ် ပါဝင်ကစားထားတဲ့ အရေအတွက်အပေါ် မူတည်ကာ ရွေးချယ်လေ့ရှိလို့ ၂၀၂၇ ခုနှစ်၊ ဒါနီအိုလ်မို ပြန်လည်ပါဝင်လာချိန် ဒီကျောနံပါတ်ကို ပြန်လည်လွှဲပြောင်းပေးသွားရပါလိမ့်မယ်။