The network connection is lost.

Banner Image

အီတလီမြေပွဲစဉ်အပြီး ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဘဝ ပထမဆုံးရှုံးပွဲအပေါ် ဇီဒန်း သုံးသပ်

အီတလီနဲ့ရင်ဆိုင်ရတဲ့ ကြာသပတေးနေ့ပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဘ၀ ပထမဆုံးရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ပြီးနောက် ဇီဒန်းက သူ့အသင်းရဲ့ခံစစ်စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုမရှိပေမဲ့ ဒီရှုံးနိမ့်မှုကို လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တင်စားပြောဆိုခဲ့ပါတယ်။

ဆန်စီရိုကွင်းမှာ အိုလီစီရဲ့သွင်းဂိုးနဲ့ ပြင်သစ်က အစောပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပြီး ယူအီးအက်ဖ်အေနေးရှင်းလိဂ်ကွာတားဖိုင်နယ်ဆီ ခြေတစ်ဖက်လှမ်းနိုင်ခဲ့ပေမဲ့ အက်စ်ပိုစီတိုရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ ဖရာတီစီရဲ့သွင်းဂိုးတွေကြောင့် အရေးနိမ့်သွားခဲ့ပါတယ်။

ဇီဒန်းရဲ့အသင်းက အစောပိုင်းမှာ အသာစီးရယူကစားနိုင်ခဲ့ပြီးနောက် ပထမပိုင်းအပြီး သရေရလဒ်ထွက်ပေါ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အီတလီက ပွဲစဉ်ကို လွှမ်းမိုးထိန်းချုပ်ခဲ့ပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ ဇီဒန်းက "ကျွန်တော်တို့ ပွဲအစကောင်းခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အထူးသဖြင့် ခံစစ်ပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်" လို့ ပြောပါတယ်။

အသင်းမှာ ရဲရင့်မှု အားနည်းခဲ့သလားလို့ မေးမြန်းရာမှာတော့ "မဟုတ်ပါဘူး၊ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ကျွန်တော်တို့ ပွဲထဲမှာ ဆက်ရှိနေခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အထူးသဖြင့် ၂-၁ ဂိုး ဖြစ်သွားချိန်နောက်ပိုင်း အနည်းငယ်ပြိုလဲသွားခဲ့ပါတယ်။ ဒါ လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ" လို့ ဇီဒန်းက ဖြေကြားခဲ့ပါတယ်။

အကြိတ်အနယ်ရှိလှတဲ့ အခုပွဲစဉ်မှာ ပြင်သစ်က ဂိုးတိုင်ထိမှန်မှု နှစ်ကြိမ် ရှိခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုအရ အုပ်စု (A1) မှာ အီတလီရဲ့နောက် ဒုတိယနေရာဆီ ကျဆင်းသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့၊ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ဇီဒန်းရဲ့အသင်းက လက်ရှိအချိန် အမှတ်မရရှိသေးတဲ့ တူရကီကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိနေပြီး အီတလီကတော့ အဆင့် ၃ နေရာရှိ၊ တစ်မှတ်အကွာမှလိုက်နေတဲ့ ဘယ်လ်ဂျီယံနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။

"အရေးအကြီးဆုံးကတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ပါပဲ" လို့ ဇီဒန်းက ထပ်လောင်းပြောပါတယ်။

"ဂိုးတိုင်ထိခဲ့တယ်ဆိုတာ သက်ရောက်မှု ရှိခဲ့ပေမဲ့ ကျွန်တော် စိတ်မပျက်မိပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ ကောင်းမွန်တဲ့ ဘောလုံးပိုင်ဆိုင်မှု မဖန်တီးနိုင်ခဲ့ရင်တော့ စိတ်ပျက်မိပါလိမ့်မယ်။ ကျွန်တော်တို့ သုံးသပ်ရမယ့်အချက်က ဘောလုံးမရှိချိန်မှာ ဘာကြောင့် သင့်တော်တဲ့ အဆင့်အတန်းတစ်ခုဆီ မရောက်ခဲ့သလဲဆိုတဲ့ အချက်ပါပဲ" လို့ ဆိုပါတယ်။

မီလန်ခရီးစဉ်အတွက် ပြင်သစ်မှာ အဓိကတိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ မပါဝင်နိုင်ခဲ့ပေမဲ့ သူတို့မပါဝင်နိုင်မှုကြောင့် အသင်းရဲ့စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ ဇီဒန်းက ငြင်းဆိုခဲ့သလို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေလည်း တူရကီနဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဇီဒန်းက "ကစားသမားအားလုံး အာရုံစူးစိုက်မှု ရှိခဲ့ကြတယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဒုတိယပိုင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်လျော့နည်းသွားခဲ့သလို ထိရောက်မှုလည်း အားနည်းခဲ့ပါတယ်"

"တူရကီနဲ့ပွဲစဉ်မှာ အမ်ဘာပေ ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အစီအစဉ်ပါပဲ။ သူ နာကျင်မှုအနည်းငယ် ရှိနေလို့ ဒီညပွဲစဉ်မှာတော့ သူ့ကို အန္တရာယ်မဖြစ်စေဘဲ အနားပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။