The network connection is lost.

Banner Image

စပိန်ကို အနိုင်ရရှိမယ်ဆိုတာ ကြိုသိထားခဲ့တယ်လို့ ရဲရဲဝံ့ဝံ့ပြောဆိုလိုက်တဲ့ ဒီကလန်ရိုက်စ်

ယမန်နေ့(တနင်္ဂနွေနေ့)၊ ကမ္ဘာ့ချန်ပီယံစပိန်ကို ၂-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဥရောပနေးရှင်းလိဂ်ပွဲစဉ်အပြီး အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်စ်က ပြိုင်ဘက်စပိန်ကို သူ့ရဲ့အသင်း အနိုင်ယူနိုင်လိမ့်မယ်ဆိုတာ ကြိုတင်သိရှိထားခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အခုပွဲစဉ်မှာ သောမတ်စ်တူချယ်ရဲ့အသင်းက မယုံကြည်နိုင်စရာ ၄၃ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ စပိန်မြို့တော်ဆီ သွားရောက်ခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်လေးမှာ ဘော်လွန်းဒီအော်ဆုရှင်ဟယ်ရီကိန်းက ပင်နယ်တီမှတဆင့် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး သိပ်မကြာခင်မှာပဲ ကွန်ဆာက ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာ အာဆင်နယ်နောက်ခံလူဘန်ဝှိုက်က တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပေမဲ့ အန်ဒါဆန်အနီကတ်ပြစ်ဒဏ်နဲ့အတူ ပင်နယ်တီပါ ပေးလိုက်ရလို့ အခြေအနေတွေ အနည်းငယ်တင်းမာလာခဲ့ပါတယ်။

ဒီပင်နယ်တီကို အိုယာဇာဘယ်လ်က သွင်းဂိုးအဖြစ်ပြောင်းလဲခဲ့သလို နီကိုဝီလျံစ်က အိမ်ရှင်တွေအတွက် ၂-၃ ဂိုးဆိုတဲ့ရလဒ်ဖြစ်စေမယ့် ချေပဂိုးကိုလည်း ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အတွက် ကံကောင်းထောက်မစွာနဲ့ ပြိုင်ဘက်ရဲ့ဖိအားပေးမှုကို တောင့်ခံနိုင်ခဲ့ပြီး အမှတ်ရစရာနိုင်ပွဲတစ်ခုကို အရယူနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ITV Sport နဲ့တွေ့ဆုံချိန် အသက် ၂၇ နှစ်အရွယ် ဒီကလန်ရိုက်စ်က အင်္ဂလန်ရဲ့ နိုင်ပွဲကို သူ ကြိုတင်မြင်တွေ့ထားခဲ့တယ်လို့ ပြောဆိုပါတယ်။

အာဆင်နယ်ကြယ်ပွင့်က "ဒီညမှာ သူတို့ကို ကျွန်တော်တို့ အနိုင်ယူနိုင်မယ်ဆိုတာ ကြိုသိထားခဲ့ပါတယ်။ ခရိုအေးရှားနဲ့ပွဲစဉ်အပြီး နည်းပြပေးခဲ့တဲ့ သတင်းစကားက အရမ်းကို အပြုသဘောဆောင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

"ပထမ ၁၀ မိနစ်ကတော့ ကျွန်တော်တို့ ကစားခဲ့သမျှထဲမှာ အကောင်းဆုံးပါပဲ။ ဖိအားတွေ ဆက်တိုက်ပေးနိုင်ခဲ့ပါတယ်"

"ခြုံပြီးပြောရရင် ၄၃ ပွဲဆက် ရှုံးပွဲမရှိတဲ့ အသင်းတစ်ခုကို နာရီဝက်လောက်ကြာအောင် ကစားသမားတစ်ဦးလျော့နဲ့ ခံကစားပြီး ၂-၃ ဂိုးဖြင့် အနိုင်ယူလိုက်တယ်ဆိုတာ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းပါတယ်"

"အာဂျင်တီးနားနဲ့ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ ကျွန်တော်တို့အတွက် ကံမပါလာခဲ့ပါဘူး။ ဒါ ဘောလုံးပါပဲ။ စပိန်အသင်း ဒုတိယဂိုးရရှိသွားချိန် ပွဲစဉ်က အခြားတစ်ဖက်ဆီ ကူးပြောင်းသွားနိုင်ခဲ့ပါတယ်"

"ဒါ တကယ့်ကို ကြီးမားတဲ့ နိုင်ပွဲတစ်ခုပါ"

"တကယ် ကြီးကျယ်ပါတယ်။ အရာအားလုံးက အရမ်းမြန်ဆန်သွားခဲ့လို့ ဂျိမ်းစ်ထရက်ဖို့ဒ်လည်း နှစ်စက္ကန့်အတွင်း နှစ်ကြိမ်ဆက်ကာကွယ်လိုက်နိုင်တယ်ဆိုတာ တကယ့်ကို အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်" လို့ ဆိုပါတယ်။