ယူရို-၂၀၂၄ ဗိုလ်လုပွဲအပြီး ဆောက်ဂိတ်အကြောင်း ဖွင့်ဟပြောပြလာတဲ့ ကိုးလ်ပယ်လ်မာ
လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်အသင်းကို အရေးနိမ့်ပြီးနောက် ချဲလ်ဆီးနဲ့ အင်္ဂလန်တိုက်စစ်မှူး ကိုးလ်ပယ်လ်မာ ပူဆွေးဝမ်းနည်းကြေကွဲခဲ့ရပါတယ်။
ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း ပယ်လ်မာသွင်းယူခဲ့တဲ့ဂိုးက အင်္ဂလန်အသင်းအတွက် ၅၈ နှစ်ကြာ ဖလားလက်မဲ့ဘဝကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်အချို့ကို ပေးစွမ်းခဲ့ပါတယ်။ ဒါပေမယ့် အိုရာဇာဘယ်လ်ရဲ့နောက်ကျအနိုင်ဂိုးက ဆုဖလားတစ်ခု အသည်းအသန်လိုအပ်နေတဲ့ အင်္ဂလန်အသင်းရဲ့ အိပ်မက်ကို အဆုံးသတ်သွားစေပါတယ်။
ဆောက်ဂိတ်ရဲ့အရန်လူစာရင်းမှာပဲရှိခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ်မှူးက ဂျာမန်မြေ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်လုံးဝမရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီ၊ ချဲလ်ဆီးအသင်းအတွက် ၂၇ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ပယ်လ်မာကို ကောင်းကောင်းအသုံးမချနိုင်ခဲ့မှုကြောင့် အင်္ဂလန်အသင်းနည်းပြလည်း ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေရဲ့ဝေဖန်မှုအောက် ကျရောက်ခဲ့ရပါတယ်။
လူငယ်တိုက်စစ်မှူးလေးကတော့ ပွဲပြီးချိန်မှာ ဆောက်ဂိတ်အတွက် ချီးကျူးဂုဏ်ပြုပေးဖို့ ဆန္ဒရှိနေခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စရပ်တွေအပေါ်မှာပဲ အာရုံစိုက်ထားဖို့ အသင်းဖော်တွေဆီ တိုက်တွန်းခဲ့ပါတယ်။
အင်္ဂလန်ကြယ်ပွင့်က “ကျွန်တော်တို့ နောက်ထပ်ဖိုင်နယ်ပွဲစဉ်တစ်ခုစီ တက်လှမ်းနိုင်ခဲ့ပြီး ဒါက အပြုသဘောဆောင်ပါတယ်။ လူတိုင်းလည်း နောက်တစ်ဆင့်ဆီဆက်သွားဖို့ မျှော်လင့်ခဲ့ကြတယ်ဆိုတာ သိသာပါတယ်။ ဒီအတိုင်း မလုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော်တို့အားလုံး စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမယ့် လာမယ့်နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ရောက်ရှိလာပါတော့မယ်။ ကျွန်တော်တို့တွေ အခုလိုခံစားချက်ကို အမှတ်ရနေဖို့ လိုအပ်ပြီး ဆုဖလားအနိုင်ရရှိရေး ကြိုးစားသွားဖို့၊ တွန်းအားပေးသွားဖို့ မျှော်လင့်မိပါတယ်။ စပိန်ကလည်း ပြိုင်ပွဲကာလတလျှောက် ထူးထူးချွန်ချွန်ကျော်ဖြတ်လာခဲ့တာပါ။ စပိန်အသင်း ဘာတွေလုပ်ပြနိုင်သလဲဆိုတာ အားလုံးလည်း မြင်တွေ့ပြီးကြပါပြီ။ သူတို့တွေက အသင်းကောင်းတစ်ခုဖြစ်ပြီး သူတု့ိတွေအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အတွက်တော့ နာကျင်ဖွယ်ရှုံးနိမ့်မှုတစ်ခုပါ။ ဝမ်းနည်းစိတ်ပျက်ရပါတယ်”လို့ ITV သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လူငယ်တိုက်စစ်မှူးက ယူရိုဖိုင်နယ်နှစ်ကြိမ်ဆက်တက်ရောက်နိုင်မှုအတွက် သူ့ရဲ့လက်ရွေးစင်အသင်းနည်းပြကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပယ်လ်မာက “ ဒီအသင်းအတွက် ဆောက်ဂိတ်က အံ့မခန်းစွမ်းဆောင်ပြခဲ့ပါတယ်။ နှစ်ကြိမ်ဆက်ဖိုင်နယ်တက်ရောက်နိုင်တဲ့အသင်းကို သူရရှိခဲ့ပါတယ်။ ဒါ ကောင်းပါတယ်”လို့ ဆိုပါတယ်။
အဓိကပြိုင်ပွဲကြီးတစ်ရပ်ရဲ့ဖိုင်နယ်မှာ နောက်တစ်ကြိမ်ရှုံးပွဲကြုံခဲ့လို့ ဆောက်ဂိတ်ရဲ့အနာဂတ် ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဆောက်ဂိတ်အတွက် အလိုရှိသမျှ ကြယ်ပွင့်ကစားသမားတွေကို အသုံးချပိုင်ခွင့် ရှိခဲ့ပေမယ့် ဒါကို အကျိုးသင့်အကြောင်းသင့်ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
အသက်-၅၃ နှစ်အရွယ်နည်းပြအပေါ် ဝေဖန်မှုတွေက ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ပရိသတ်အများစုကတော့ အင်္ဂလန်အသင်းမှာရှိနေတဲ့ ကြယ်ပွင့်တွေရဲ့အရည်အသွေးတွေကို အပြည့်အဝအသုံးချနိုင်မယ့် တိုက်စစ်အားသန်နည်းပြတစ်ဦး လိုအပ်နေတာကြောင့် ဆောက်ဂိတ်ကို ထွက်ခွာခွင့်ပေးဖို့ အချိန်တန်ပြီလို့ ယူဆနေကြပါတယ်။
အင်္ဂလန်ရဲ့ဒုတိယမြောက်ရွှေရောင်မျိုးဆက်ကို ကိုင်တွယ်ခွင့်ရရှိပေမယ့် ဆုဖလားအောင်မြင်မှုမရှာဖွေနိုင်လို့ ဆောက်ဂိတ်ရဲ့လူစာရင်းရွေးချယ်မှုနဲ့ နည်းစနစ်ပိုင်းအပေါ် မေးခွန်းထုတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိလာခဲ့ပါပြီ။