The network connection is lost.

Banner Image

ဖလာမင်ဂိုကို ရှုံးနိမ့်ခဲ့ပေမဲ့ ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်မှုကို နှစ်သက်နေတဲ့ ပက်ဒရိုနက်တို

ချဲလ်ဆီးတောင်ပံကစားသမား ပက်ဒရိုနက်တိုက ဖလာမင်ဂိုကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ကမ်းခြေမှာ အပန်းဖြေအနားယူမယ့်အစား ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားရတာကို ပိုနှစ်သက်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဖလာမင်ဂိုအသင်းက ဒုတိယပိုင်းမှာ စိတ်အားထက်သန်မှု ပိုမိုပြသခဲ့တယ်လို့ ဝန်ခံခဲ့ပေမဲ့ နက်တိုကတော့ ဒီဂုဏ်သိက္ခာရှိတဲ့ပြိုင်ပွဲမှာ ကစားရတာ ၁၀၀ ရာခိုင်နှုန်းသေချာပေါက် ပိုနှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။ နက်တိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲနဲ့ပတ်သက်ပြီး နက်တိုက "ဒုတိယပိုင်းမှာ ဘာတွေမှားသွားလဲဆိုတာပြောရရင် ပထမပိုင်းမှာ သူတို့ဘက်က ဘောလုံးကိုထိန်းချုပ်မှုပိုရှိပေမဲ့ ကျွန်တော်တို့က အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။

 ဒုတိယပိုင်းမှာ ဖိအားပေးကစားဖို့ကြိုးစားခဲ့တယ်။ ဒုတိယပိုင်းအစကတော့ ကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ ကွာခြားသွားစေတာကတော့ စိတ်ဆန္ဒပါပဲ၊ သူတို့က ကျွန်တော်တို့ထက် ပိုပြီးအနိုင်ရချင်တဲ့စိတ်ရှိခဲ့ကြတယ်။ အနီကတ်ပြခံရပြီးနောက်မှာတော့ ပွဲပြီးသွားတယ်လို့ ထင်ပါတယ်" လို့ပြောပါတယ်။ နက်တိုက ကမ်းခြေမှာအပန်းဖြေအနားယူတာထက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရတာကို ပိုနှစ်သက်ကြောင်းပြောကြားခဲ့ပါတယ်။ 

နက်တိုက"၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ ဒီပြိုင်ပွဲမှာကစားနေရတာကို ကျွန်တော်တို့ ကျေးဇူးတင်ရပါမယ်။ ကျွန်တော့်နေရာမှာရှိချင်တဲ့ ကစားသမားတွေ၊ အဲဒီနေရာမှာရှိချင်တဲ့သူတွေအများကြီးရှိမှာပါ။ ကျွန်တော်တို့က ပျော်နေရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ဖလာမင်ဂိုအသင်းအနိုင်ရရှိခဲ့တာကြောင့် အုပ်စု D မှာ ၆ မှတ်နဲ့ ဦးဆောင်ခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ ဇွန်လ ၂၄ ရက် အင်္ဂါနေ့မှာ တူနီးရှားအကလပ် ES တူးနစ်ကို အနိုင်ကစားရမှာဖြစ်ပါတယ်။ 

နောက်ခံလူ မာ့ခ်ကူကူရယ်လာကလည်း တောင်အမေရိကအသင်းတွေဟာ ပြိုင်ပွဲမှာ မတူညီတဲ့ စိတ်အားထက်သန်မှု ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။  ကူကူရယ်လာက"ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်တယ်လို့ထင်ပါတယ်၊ ဒါပေမဲ့ တစ်သင်းနဲ့တစ်သင်းကွဲပြားမှုတွေအများကြီးရှိနိုင်ပါတယ်၊ ဒီပွဲမှာပဲမဟုတ်ပါဘူး၊ တခြားရလဒ်တွေကိုကြည့်ရင် သူတို့ရဲ့စိတ်အားထက်သန်မှုက ဥရောပအသင်းတွေနဲ့မတူဘူးဆိုတာတွေ့ရမှာပါ။ ဥရောပအသင်းတွေအတွက် ကွင်းအခြေအနေက တူညီမှာမဟုတ်ဘူး။ ဒါက အကြောင်းပြချက်မဟုတ်ပါဘူး၊ အမှန်တရားပါ" လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။