ဟားလ်စီးတီးနဲ့ အက်ဖ်အေဖလားပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ နက်တို ဂုဏ်ယူနေ
ချဲလ်ဆီးတောင်ပံကစားသမား ပတ်ဒရိုနက်တိုက ဟားလ်စီးတီးကို အနိုင်ရတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့လို့ ဂုဏ်ယူနေပါတယ်။
ဒါဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားအတွက်တော့ ကစားသမားဘဝမှာ ပထမဆုံးရရှိတဲ့ ဟက်ထရစ်လည်း ဖြစ်ပါတယ်။
နက်တိုက"တကယ်ကို ဝမ်းသာပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းက တကယ့်ကို အံ့သြစရာကောင်းတယ်လို့ ထင်ပါတယ်။ ခက်ခဲတဲ့ အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒီပြိုင်ပွဲက တကယ်ကို ခက်ခဲတာကြောင့် နောက်တစ်ဆင့် တက်ခွင့်ရလိုက်လို့ ကျွန်တော်တို့ တကယ်ပဲ ပျော်ရွှင်မိပါတယ်။
တကယ်တော့ ဒုတိယဂိုးက ကျွန်တော့်ဂိုး ဟုတ်မဟုတ် သံသယရှိနေခဲ့တာပါ။ ပွဲအပြီးမှာ ဒိုင်လူကြီးဆီ သွားပြီး ဒါဟာ ဟက်ထရစ် ဟုတ်မဟုတ် မေးကြည့်ခဲ့ရပါတယ်။ ဘောလုံးကို (အမှတ်တရအဖြစ်) ယူသွားခွင့်ရှိလားလို့ မေးတဲ့အခါ ဒိုင်က 'ရတာပေါ့၊ မင်း ယူသွားလို့ ရပါတယ်' လို့ ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး နက်တိုက"ဒါပေမဲ့ အဓိကကတော့ နောက်တစ်ဆင့် တက်သွားနိုင်လို့ ဝမ်းသာတာပါ။ အဝေးကွင်းမှာ ခက်ခဲတဲ့အသင်းကို အကောင်းဆုံး ကစားနိုင်ခဲ့သလို ဒီနိုင်ပွဲနဲ့လည်း ထိုက်တန်တယ်လို့ ထင်ပါတယ်။
ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဟက်ထရစ်ဆိုတော့ ဒီညတော့ ပါတီနွှဲရမှာပေါ့။ ဒါက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ပရိသတ်တွေနဲ့ အသင်းဖော်တွေ ပျော်ရွှင်အောင်၊ ဒီလိုဂိုးတွေ ပိုသွင်းနိုင်အောင် ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒါကြောင့် တကယ်ကို ဝမ်းသာပါတယ်။
ကျွန်တော်တို့ ဆက်ပြီး နိုင်ပွဲတွေ ဖော်ဆောင်ရမှာဖြစ်ပေမဲ့ အရင်ဆုံးတော့ ပိုကောင်းလာအောင် အမြဲကြိုးစားနေရပါမယ်။ ကျွန်တော်တို့ကို နောက်တစ်ဆင့် ရောက်အောင် ပို့ဆောင်ပေးနိုင်မယ့် အသေးစိတ်အချက်လေးတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒါကို တိုးတက်လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်" လို့ ပြောခဲ့ပါတယ်။