
ဂါနာချိုကိုခေါ်ယူလိုပေမယ့် ပေါင်သန်း ၅၀ အထိ ပေးချေလိုခြင်းမရှိတဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုခေါ်ယူလိုပေမယ့် ယူနိုက်တက်ကတောင်းဆိုထားတဲ့ ပေါင်သန်း ၅၀ ဈေးနှုန်းကိုတော့ ပေးချေလိုခြင်းမရှိဘဲ ဈေးလျှော့ပေးဖို့ တောင်းဆိုလာနိုင်ချေရှိပါတယ်။ The Guardian သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးဟာ အသင်းရဲ့တိုက်စစ်ကို ထပ်မံအင်အားဖြည့်တင်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဂါနာချိုကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ ယခုနွေရာသီအတွင်း အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ တိုက်စစ်ပိုင်းအတွက် ဂျေမီဂစ်တန်စ်၊ ဂျာအိုပက်ဒရိုနဲ့ လီယမ်ဒီလပ် တို့ကိုခေါ်ယူထားပြီးဖြစ်ပေမယ့် အာဂျင်တီးနားသားဂါနာချိုကိုလည်း စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့လည်း ဂါနာချိုကိုရောင်းချဖို့သာ ဆုံးဖြတ်ထားပြီး အမေရိကန်သို့ထွက်ခွာခဲ့တဲ့ အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်ကနေ ထုတ်ပယ်ထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂါနာချိုကို ပေါင်သန်း ၅၀ ဝန်းကျင်ရရှိပါက ရောင်းချဖို့ရှိပေမယ့် ချဲလ်ဆီးဘက်ကတော့ အဆိုပါဈေးနှုန်းနဲ့ ဝယ်ယူလိုခြင်းမရှိဘဲ ဈေးလျှော့ပေးစေလိုနေတယ်လို့သိရပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူထားခဲ့ပြီးဖြစ်တာကြောင့် တောင်ပံကစားသမား ဂါနာချိုကို ရောင်းချဖို့သာပြင်ဆင်ထားပြီး နည်းပြရူဘင်အာမိုရင်အနေနဲ့လည်း အာဂျင်တီးနားသားကို အသင်းမှာ ဆက်လက်အသုံးပြုဖွယ်မရှိပါဘူး။ ချဲလ်ဆီးဟာ ဂါနာချိုသာမက လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကိုလည်း ခေါ်ယူဖို့ကြိုးစားနေတာကြောင့် ယခုနွေရာသီအတွင်း အသင်းရဲ့ဘဏ္ဍာငွေသုံးစွဲမှုဟာ ပေါင်သန်း ၃၀၀ ကျော်အထိ ရောက်ရှိသွားနိုင်ပါတယ်။
လာမယ့် သောကြာနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ချဲလ်ဆီးဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် လေဗာကူဆင်၊ အေစီမီလန်တို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ စတင်ကစားသွားရပါမယ်။