ရိုးမားသို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိတော့မယ့် ဇက်ခ်ဇီ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီတလီစီးရီးအေကလပ် ရိုးမားသို့ပြောင်းရွှေ့ဖို့ သဘာတူညီမှုရရှိတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်မှာ ရက်စ်မွတ်စ်ဟွိုက်လန်းကို အတ္တလန္တာမှ ပေါင် ၇၂ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ဒိန်းမတ်သားဟာ ယူနိုက်တက်ရဲ့တိုက်စစ်ကို တစ်ယောက်တည်းဦးဆောင်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်အကြာမှာ ယူနိုက်တက်ဟာ ဘိုလော့ဂ်နာတိုက်စစ်မှူး ဇက်ခ်ဇီကို ယူရို ၄၂ သန်းဝန်းကျင်နဲ့ထပ်မံခေါ်ယူခဲ့ပေမယ့် တိုက်စစ်ပိုင်းကတိုးတက်လာခြင်းမရှိဘဲ သွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာတော့ ယူနိုက်တက်ဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဈေးကြီးခေါ်ယူပြီး ဟွိုက်လန်းကို နာပိုလီထံတစ်ရာသီအငှားစာချုပ်နဲ့စေလွှတ်ခဲ့ပါတယ်။ ဆက်စ်ကိုရောက်ရှိလာချိန်မှာလည်း ယူနိုက်တက်ရဲ့တိုက်စစ်က ထင်သလောက်အလုပ်မဖြစ်သေးတာကြောင့် ယခုအခါမှာ နည်းပြရူဘင်အာမိုရင်ဟာ ဘုန်းမောက်တိုက်စစ်မှူး အန်တိုနီဆီမီညိုကိုပစ်မှတ်ထားစောင့်ကြည့်လာခဲ့ပါတယ်။
အာမိုရင်အနေနဲ့ ဆီမီညိုကိုခေါ်ယူဖို့အတွက် ဇက်ခ်ဇီကို အသင်းကနေထွက်ခွာခွင့်ပေးပြီး စီးရီးအေသို့ပြန်လည်စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဇက်ခ်ဇီအနေနဲ့လည်း လာမယ့် ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက်ရွေးချယ်ခံရဖို့အတွက် ကလပ်အသင်းမှာနေရာရဖို့လိုအပ်နေတာကြောင့် ပုံမှန်နေရာမရတဲ့ ယူနိုက်တက်ကိုစွန့်ခွာဖို့ စဉ်းစားထားတာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဇက်ခ်ဇီကို စီးရီးအေကလပ် ရိုးမားကအပြင်းအထန်ခေါ်ယူဖို့ကြိုးစားနေပြီး ရိုးမားရဲ့အားကစားဒါရိုက်တာ ဖရက်ဒရစ်မက်ဆာရာကိုယ်တိုင် အင်္ဂလန်သို့လာရောက်ပြီး ဇက်ခ်ဇီရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ နာမည်ကျော်ဂျာနယ်လစ် ဒန်နီရယ်လွန်ဂိုရဲ့အဆိုအရတော့ ရိုးမားဟာ ဇန်နဝါရီမှာ ဇက်ခ်ဇီကိုခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားတယ်လို့လည်းသိရပါတယ်။
တစ်ချိန်တည်းမှာပဲ ESPN သတင်းဌာနကတော့ ယူနိုက်တက်ဟာ အာဖရိကဖလားပြိုင်ပွဲကြောင့် အသင်းရဲ့တိုက်စစ်ကစားသမားတွေကို လက်လွှတ်ထားရလို့ ဇက်ခ်ဇီရဲ့အပြောင်းအရွှေ့ကိုဆုံးဖြတ်ဖို့ ဇန်နဝါရီလနှောင်းပိုင်းအထိ ဆိုင်းငံ့ထားဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဇက်ခ်ဇီဟာ ယခုရာသီနည်းပြရူဘင်အာမိုရင်လက်အောက်မှာ ပရီးမီးယားလိဂ် ၃ ပွဲသာပွဲထွက်ပါဝင်ခွင့်ရထားတာကြောင့် သေချာပေါက်နေရာရနိုင်မယ့် ရိုးမားသို့ ထွက်ခွာဖို့စိတ်ဝင်စားဖွယ်ရှိပါတယ်။
ယူနိုက်တက်တော့ တိုက်စစ်ပိုင်းကိုထပ်မံအင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး ဘုန်းမောက်တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကိုခေါ်ယူဖို့ စီစဉ်နေပါတယ်။ ပေါင် ၆၅ သန်းအထိတန်ကြေးရှိတဲ့ ဆီမီညိုဟာ မကြာသေးမီက တော့တင်ဟမ်ရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ယူနိုက်တက် ဒါမှမဟုတ် မန်စီးတီးသို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။